နည်းပြ ဒေးဗစ်မိုယက်စ်ရဲ့ ဝက်စ်ဟမ်းနဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာ ဖြစ်ပေမယ့် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု မရှိသေးပါဘူး။

ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘာပေ ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ဟာ လက်မှတ်ထိုးကြေးချည်းပဲ ယူရို သန်း ၁ဝဝ ဘောနပ်စ် ပေးဖို့ ကမ်းလှမ်းထားပါတယ်။

ဒါပေမယ့် စပိန် AS သတင်း အဆိုအရ အမ်ဘာပေထံမှာ အခြား အရေးကြီးတဲ့ ကမ်းလှမ်းမှုကောင်းတွေလည်း ရှိနေပြီး အဲဒီထဲမှာ လီဗာပူးအသင်းလည်း ပါဝင်နေတယ် လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ စပါးအသင်းတို့ဟာ ချယ်ဆီး နောက်ခံလူ ချာလိုဘတ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ချာလိုဘတ် ဟာ နည်းပြ ပိုချက်တီနိုရဲ့ အစီအစဉ်တွေမှာ မပါဝင်တော့ပါဘူး။

မန်စီးတီးအသင်းဟာ လိဒ်စ် ယူနိုက်တက် မှာ ပါရမီရှင် လူငယ် ကြယ်ပွင့်လေး ဂေါ်မန် အတွက် ပေါင် ၂ သန်း ပေး ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။ ဒါဟာ အသက် ၁၅ နှစ် အရွယ် ကစားသမား တစ်ယောက် အတွက် ဗြိတိန် စံချိန်တင်ကြေး ဖြစ်ပါတယ်။

ချယ်ဆီးအသင်းကတော့ တိုက်စစ်မှုး အိုဆင်ဟမ် ကို စတန်းဖို့ဘရစ်ချ်ထံ အရောက် ခေါ်ယူနိုင်မယ် လို့ ယုံကြည်မှု ရှိနေပါတယ်။

ရစ်ချက် အာနိုးက မန်ချက်စတာ ယူနိုက်တက်ရဲ့ စီအီးအို ရာထူးကနေ ဒီလကုန်မှာ နှုတ်ထွက်မှာ ဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက် ရှယ်ယာရှင်သစ် ဖြစ်လာတဲ့ ဆာ ဂျင် ရက်ကလစ်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ရဲ့ ခြေလှမ်းအစ လည်း ဖြစ်ပါတယ်။

ဂိုးသမား အိုနာနာ က ကင်မရွန်းလက်ရွေးစင် အသင်းနဲ့ အတူ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ကစားသမားကို မတားနိုင်တော့ဘဲ ခွင့်ပြုရဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းဟာ အသက် ၂၂ နှစ် အရွယ် ဒိန်းမတ်သား ကွင်းလယ် ခံစစ်သမားလေး Morten Frendrup ကို မျက်စိကျနေကြောင်း သတင်း ထွက်လာပါတယ်။

လာမယ့် ဇန်နဝါရီမှာ ဆန်ချို ကို အငှား ခေါ်ယူဖို့ ဂျူဗင်တပ်က ချိတ်ဆက်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က ငြင်းဆန်ပယ်ချလိုက်ပြီး အပြီး ရောင်းဖို့သာ အလိုရှိကြောင်း တုန့်ပြန်ခဲ့ပါတယ်။