မနှစ်ကရာသီ ကျဆင်းခဲ့အပြီး ဒီရာသီမှာ လီဗာပူးအသင်းနဲ့အတူ တစ်ကျော့ပြန် စိန်ခေါ်လာနိုင်ခြင်း အပေါ် အသင်းခေါင်းဆောင် ဗန်ဒိုက်ကလည်း ကျေနပ်နေပါတယ်။

လီဗာပူးဟာ အမှတ်ပေးပွဲ ၁၂ ပွဲ ကစားပြီးချိန် ဇယားထိပ်က ဒုတိယနေရာမှာ ရှိနေပေမယ့် ဘောလုံးရာသီ အဆုံးသတ်ကာလကို ရောက်ဖို့ အဝေးကြီး လိုအပ်နေဆဲပါ။

ဗန်ဒိုက်က “ ဒီရာသီ ဖလားစိန်ခေါ်နိုင်ဖို့ ကျနော်လည်း မျှော်လင့်ပါတယ်။ ကျနော်တို့ကလည်း ကိုယ် ပါဝင် ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတိုင်းကို အဆုံးထိ ယှဉ်ပြိုင်လိုတာပါပဲ။ ဒါက ဘောလုံးရာသီ စကတည်းက ကျနော်တို့ရဲ့ ရည်မှန်းချက်ပါ။

အခုမှ နိုဝင်ဘာလပဲ ရှိသေးပြီး ပွဲတွေ အများကြီး ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါသေးတယ်။ အခုက အဆင်ပြေနေပေမယ့် ဘောလုံးရာသီကို နိုဝင်ဘာလနဲ့တင် အဆုံးအဖြတ်ပေးတာ မဟုတ်ပါဘူး။ အလှည့်အပြောင်းတွေ အများကြီး ရင်ဆိုင်လာရဖို့ ရှိနေပါသေးတယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။

လီဗာပူးအသင်း ဆုဖလား အနိုင်ရဖို့အတွက်ဆိုရင် အချက် ၃ ချက် ပြည့်စုံဖို့ လိုအပ်နေတယ်လို့ ယုံကြည်ထားတဲ့ ဗန်ဒိုက်ကပဲ နိုင်ငံတကာ သီတင်းပတ်ပြီးရင် ယှဉ်ပြိုင်ရမယ့် မန်စီးတီးပွဲအတွက် ကြိုတင် ရင်ခုန်နေပါတယ်။

“ အဝတ်လဲခန်းထဲမှာတော့ ကျနော်တို့ ကိုယ့်ဘာသာ ယူ-၂၃ ကစားသမားတွေလို ခံစားမိနေကြတယ်၊ ကျနော်တို့မှာ အရည်အချင်းတွေ ရှိနေပါသေးတယ်။ အသက်အရွယ် ရလာတဲ့အလျောက် လုံလောက်အောင် ကောင်းမွန်နေပါပြီ။

ဒါပေမယ့် ကျနော်တို့ ကြည့်ရပါမယ်။ ဆုဖလား စိန်ခေါ်နိုင်ဖို့ဆိုရင် ကံကောင်းဖို့လိုတယ်၊ ဒဏ်ရာ ကင်းနေဖို့လိုတယ်၊ ခြေစွမ်း တည်ငြိမ်ဖို့ လိုပါတယ်။

အကောင်းမြင်စရာ အခြေအနေတွေနဲ့ နိုင်ငံတကာ သီတင်းပတ်ကို သွားရပါမယ်။ ပြန်လာချိန်မှာတော့ ကျနော်တို့ ပွဲကြီးပွဲကောင်း ကစားရဖို့ ရှိနေပါတယ်။ အဲ့ပွဲအတွက် အဆင်သင့် ဖြစ်နေရမှာပါ ” လို့ ဗန်ဒိုက်က ပြောဆိုသွားပါတယ်။