ဒီည မန်စီးတီးနဲ့ လီဗာပူး အသင်းတို့ရဲ့ ၁-၁ သရေ ပွဲ အပြီးမှာ နှစ်ဘက် အသင်းသားတွေရဲ့ စိတ်ခံစားမှုကတော့ မတူညီခဲ့ပါဘူး။

ပွဲချိန် ၂၇ မိနစ်က ဟာလန်း သွင်းဂိုးနဲ့ အချိန် အတော်ကြာ ဦးဆောင်ထားခဲ့ပြီးမှ ထရန့်ရဲ့ မိနစ် ၈ဝ က သွင်းဂိုးကြောင့် သရေကျသွားတဲ့ အပေါ် မန်စီးတီး အသင်းသားတွေ ခံရခက်နေပြီး လီဗာပူးကတော့ သရေ တစ်မှတ် ရတာ ကို ကျေနပ်နေပုံပါ။

လီဗာပူး နောက်ခံလူ ဗန်ဒိုက် က သရေ ရလဒ် အပေါ် သူ့ရဲ့ လက်ခံနိုင်မှုကို အခုလို ဖွင့်ဟခဲ့ပါတယ်။

” ဒီ အဝေးကွင်း ပွဲကနေ သရေ တစ်မှတ် ရတယ် ဆိုတာ မဆိုးပါဘူး။ ကျွန်တော်တို့ နိုင်ချင်ခဲ့တယ်။ ဒါပေမယ့် ရှုံးတော့ မရှုံးခဲ့ဘူးပေါ့ဗျာ။ ကျွန်တော်တို့ တိုးတက်အောင် လုပ်စရာတွေ အများကြီး ရှိသလို အဲဒီအတွက်လည်း ကြိုးစား အလုပ်လုပ်နေပါတယ်။ ” လို့ ဗန်ဒိုက်က ပြောဆိုခဲ့ပါတယ်။

တဖက်မှာ မန်စီးတီး နောက်ခံလူ အကီ ကတော့ ပွဲရလဒ် အပေါ် မကျေနပ်နိုင်ခဲ့ဘဲ သူ့ စိတ်ပျက်မှုကို အခုလို ဖော်ပြသွားပါတယ်။

” ကျွန်တော်တို့က နိုင်ချင်ခဲ့တာပါ။ အခွင့်အရေးတွေလည်း အများကြီး ရှိခဲ့တယ်။ ကျွန်တော်တို့ တော်တော်ကြီး စိတ်ပျက်မိတာက ဒုတိယပိုင်းမှာ ဂိုးပေါက် တည့်တာ တစ်ကြိမ်ပဲ ရှိခဲ့တာကိုပဲ။ အဆုံးမှာတော့ နည်းနည်း စိတ်ပျက်ခဲ့ရတာပေါ့။ ” လို့ အကီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။