ချယ်ဆီးနည်းပြ ပိုချက်တီနိုကတော့ နယူးကာဆယ်ကို ၄-၁ ဖြင့် အရေးနိမ့်ခဲ့တဲ့ အပေါ် အတော် ပေါက်ကွဲနေပြီး ဘောလုံးရာသီရဲ့ အဆိုးရွားဆုံး အရေးနိမ့်မှုအဖြစ် မှတ်ချက်ပေးလိုက်သလို တနင်္ဂနွေနေ့မှာ ချက်ခြင်း လေ့ကျင့်ရေး ပြန်ဝင်ရမယ်လို့ အသင်းသားတွေအား အသိပေးထားပါတယ်။
ဒီတလော စွမ်းဆောင်ရည်ကောင်းနေလို့ ချီးကျူးခံနေရတဲ့ ချယ်ဆီးဟာ အရင် ပုံစံတွေအတိုင်း ပြန်ကစားခဲ့ပြီး ခပ်ချာချာ ခြေစွမ်းနဲ့အတူ နယူးကာဆယ်ကို ဂိုးပြတ်ကြီး ရှုံးနိမ့်သွားခဲ့ပါတယ်။
ပိုချက်တီနိုက ‘ ဒီရာသီ ကျနော်တို့ရဲ့ အညံ့ဆုံး ပွဲစဉ်ပါပဲ။ ဒီရလဒ်အတွက် ဘာငြင်းချက်မှ မထုတ်နိုင် တော့ပါဘူး။ ပွဲစတည်းက ပွဲသေချာမဖတ်နိုင်ခဲ့တာပါ။ ကိုယ် ကစားသင့်သလို မကစားခဲ့ကြဘူး၊ ပြင်းထန်စွာနဲ့ အင်ပြည့်အားပြည့် ကစားနိုင်စွမ်း အားနည်းခဲ့ကြပါတယ်။
၁-၁ ဖြစ်သွားတဲ့ အချိန်မှာတောင် ကစားသင့်သလို မကစားတာကြောင့် နယူးကာဆယ်တို့ ကစားရ လွယ်ကူစေခဲ့တယ်။ ဒါကြောင့်ပဲ စွမ်းဆောင်ရည်အတွက် စိတ်ပျက်နေမိတာ ဖြစ်ပါတယ်။ ကိုယ်ဘာတွေ လိုအပ်နေတယ်ဆိုတာကို နားလည်နိုင်ဖို့ ဒီလို အခြေအနေမျိုး လိုအပ်ပါတယ်။
ပွဲအပြီး အဝတ်လဲခန်းမှာ ကျနော်တို့တွေ စကားပြောခဲ့ကြတယ်။ ပုံမှန်ဆိုရင် ကျနော်တို့ ဟိုတယ်ကို တိုက်ရိုက် ပြန်သွားပြီး အိပ်စက် အနားယူကြတယ်၊ နောက်ရက်ကို နားရက်ပေးပါတယ်။ အခု အဲ့နားရက် ရမှာ မဟုတ်ပါဘူး။
ဒီရလဒ်အတွက် ကစားသမားတွေကို အပြစ်တင်မှာ မဟုတ်ဘဲ ကျနော်တို့ အတူတကွ အပြစ်တင်ခံရမှာ ဖြစ်ပါတယ်။ တာဝန်ယူမှုနဲ့အတူ ကျနော်တို့ ပိုသန်မာလာဖို့ လိုပါတယ်။ ’ လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။