မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ပရီးမီးယားလိဂ် မှာတော့ အဲဗာတန်အသင်း ကို အဝေးကွင်းမှာ ဂနာချို၊ ဂရက်ဖိုဒ့်၊ မာရှယ်တို့ရဲ့ ဂိုးတွေနဲ့အတူ ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ဒီပွဲရဲ့ ပြောစမှတ်တွင်စရာ အခိုက်အတန့်ဟာ ပွဲအစ ၃ မိနစ်မှာတင် ဖြစ်ပေါ်လာခဲ့ပါတယ်။ ညာခြမ်းကနေ ဒါလော့ရဲ့ ဖြတ်တင်ဘောကို တိုက်စစ်သမား ဂနာချိုက မြေမကျဘော overhead kick ဖြင့် ကန်သွင်း အဆုံးသတ်ခဲ့တာပါ။

ဒီသွင်းဂိုးဟာ တော်တော်လေး သပ်ရပ်ခဲ့ပြီး ၂၀၁၁ တုန်းက မန်ချက်စတာ ဒါဘီမှာ မန်စီးတီးဘက်ကို ရွန်းနီ သွင်းယူခဲ့တဲ့ ပီလီကစ်ထက် ပိုပြီး လှပ သပ်ရပ်တယ်လို့ ချီးကျူးလို့တောင် ရခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အဲဗာတန်ရဲ့ ထိုးစစ်ဆင်မှုတွေကို ပထမပိုင်း တစ်ခုလုံး တောက်လျှောက် ကြံ့ကြံ့ခံပြခဲ့တာကလည်း မက်ဂွဲရား၊ အိုနာနာတို့ရဲ့ ခံစစ်ကြောင်း မာကျောမှုကို အထင်ကြီးလောက်စရာ ဖြစ်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ ၁၀ မှတ်လျော့ခံထားရတဲ့ အဲဗာတန်ဟာ ဒီပွဲမှာ တော်တော်လေး ခြေထက်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ ပိုကောင်းလာခဲ့ပြီး အခွင့်အရေးတွေ ပိုယူလာနိုင်ခဲ့တယ်။ အဲဗာတန် ဘက်က သိသိသာသာ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ရတဲ့ ပင်နယ်တီကို ရက်ဖိုဒ့် အမှားအယွင်းမရှိ အဆုံးသတ်ခဲ့တာက ဒုတိယ ဦးဆောင်ဂိုး ရစေခဲ့ပါတယ်။

ဖာနန်ဒက်စ်ရဲ့ ပေးချက်ကောင်းမွန်သလို မာရှယ်ရဲ့ အဆုံးသတ် ပါးနပ်မှုက တစ်ဆင့် တတိယဂိုး ရပြီး ချိန်မှာတော့ အဲဗာတန်တို့ ပြန်မလာနိုင်ဘူးဆိုတာ သေချာခဲ့ပါတယ်။ ဒီပွဲဟာ ယူနိုက်တက်ရဲ့ ခံစစ်ပိုင်း ကောင်းမွန်မှု၊ စိတ်ရှည်မှုနဲ့ အခွင့်အရေး အသုံးချမှုတွေကို မြင်ခဲ့ရတာပါ။

အခုဆိုရင် နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲထိ နိုင်လာတဲ့ ယူနိုက်တက်ဟာ အဆင့် ၄ နေရာက အက်စတွန် ဗီလာနဲ့ ၄ မှတ်ပဲ ကွာဟသလို ဇယားထိပ်က အာဆင်နယ်နဲ့လည်း ၆ မှတ်ပဲ ကွာဟတော့တာ ဖြစ်ပါတယ်။