မနေ့ညက မန်ချက်စတာ ယူနိုက်တက်ရဲ့ အဲဗာတန် ကို ၃-ဝ နဲ့ နိုင်တဲ့ပွဲမှ လှလှပပ ဦးဆောင်ဂိုး သွင်းခဲ့တဲ့ ဂါနာချို က လူတိုင်း တသသ ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။

သရဲနီဟောင်းကြီး နဗီးနဲ့ ရွိုင်ကိန်းကတော့ အဲဒီပွဲမှာ ကွင်းလယ် လူငယ်ကြယ်ပွင့်လေး ကိုဘေး မိုင်နူး ရဲ့ စွမ်းဆောင်ရည် ကို အထင်ကြီးစွာ ထုတ်ဖော် ချီးကျူးလာပါတယ်။

ဂယ်ရီ နဗီးလ်က စကိုင်းစပေါ့ အစီအစဉ်မှာ ” ဒီပွဲမှာ အသက် ၁၈ နှစ်သားလေးက လူတိုင်းထက် ပိုပြီး တည်ငြိမ်နေတာ တွေ့ရတယ်။ မိုင်နူးက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားလေး တစ်ယောက် ဖြစ်လာနေပြီ။ သူ့အတွက် သိပ်ကို လန်းတဲ့ ပရီးမီးယားလိဂ် တာထွက်ပဲဗျာ။ ” လို့ မိုင်နူးအား ထပ်တူ ချီးကျူးခဲ့ပါသေးတယ်။

မိုင်နူးဟာ ရာသီကြို ထရိန်နင်မှာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူ ဖြစ်ပြီး ညက ပွဲမှာမှ ပရီးမီးယားလိဂ် ပွဲဦးထွက်ခွင့် ရခဲ့တာပါ။ ယူနိုက်တက်ရဲ့ ကွင်းလယ်ဗဟိုချက်မှာ အားလုံး သတိပြုမိလောက်အောင်လည်း အစွမ်းပြခဲ့ပါတယ်။

မိုင်နူးရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ရွိုင်ကိန်း က ” မယုံနိုင်စရာကြီးပဲ။ ဒီပွဲ ရလဒ် အပေါ် သိပ်ကြီး မျောသွားလို့တော့ မရဘူးပေါ့။ ဒါပေမယ့် ဖြစ်တော့ ဖြစ်မှာပါပဲ။

သူက ဘောလုံးနဲ့ အတူ အမြဲ ရှိနေသလိုပဲ။ သူ့ရဲ့ ဆုံးဖြတ်ချက် စွမ်းရည်၊ ဘယ်အချိန် ဘောလုံးကို အတိုပေးမလဲ အရှည်ပေးမလဲ တွက်ဆတာတွေ၊ ဘောလုံးကို လွှတ်ရမယ့် အချိန်တွေ အတွက် သူ အမြဲ စဉ်းစားချိန် ရသလိုပဲ။ လုံးဝ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်ပါ။ ” လို့ ဖော်ထုတ် ချီးကျူးသွားခဲ့ပါတယ်။