တနင်္ဂနွေနေ့ ညက ဘရန့်ဖိုဒ့်ကို အဝေးကွင်းမှာ ပွဲပြီးခါနီး သွင်းဂိုးဖြင့် အနိုင်ယူပြီး အမှတ်ပေး ဇယား ထိပ် ပထမ နေရာထိ တက်နိုင်ခဲ့တဲ့ အပေါ် အာဆင်နယ် တိုက်စစ်သမား ဆာကာက အတော်လေး ကျေနပ် ပျော်ရွှင်နေပါတယ်။

” အသင်းက အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်တက်လာရတာ သိပ်ကောင်းပါတယ်။ ဘရန့်ဖိုဒ့်ပွဲကို ခက်ခဲစွာ ယှဉ်ပြိုင်ခဲ့ရပေမယ့် ကြိုးစား အားထုတ်ပြီး အနိုင် ၃ မှတ်ရခဲ့တာအတွက် ကျေနပ်ပါတယ် ” လို့ ဆာကာက ပြောပါတယ်။

အာဆင်နယ်ပွဲ မတိုင်ခင် အီတီဟက်မှာ မန်စီးတီး ၁-၁ လီဗာပူး ပွဲရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဘရန့်ဖိုဒ့်ကို အနိုင်ရမယ်ဆိုရင် ဇယားထိပ်ကို ရောက်မယ်ဆိုတာ အာဆင်နယ် ကစားသမားတွေ ကြိုသိထားခဲ့ကြတယ်။

ဆာကာကတော့ ဖလားပြိုင်ဘက်တွေရဲ့ ပွဲကို စောင့်ကြည့်ခဲ့ကြောင်း ဝန်ခံခဲ့သလို အဲ့ပွဲရလဒ်ကြောင့် ပွဲကြို အသင်းသားတွေကြား စကားပြောဆိုမှုမှာ ရလဒ်ယူနိုင်ဖို့ အဓိက ဖြစ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

ဆာကာကပဲ ” ဟုတ်ပါတယ်၊ သိပ်ကောင်းတဲ့ ပွဲစဉ်ကို ကျနော်တို့ ကြည့်ရှုခဲ့ကြပါတယ်။ တကယ်ကို ကွာလတီမြင့်တဲ့ ပွဲစဉ် တစ်ပွဲဖြစ်ပါတယ်။ သရေဆိုတာက ကျနော်တို့အတွက် သိပ်ကောင်းတဲ့ ရလဒ်ဖြစ်ခဲ့ပါတယ်။

ပွဲကြို အသင်းလိုက် စကားပြောမှုမှာ ဒီပွဲနိုင်ရင် ဇယားထိပ် တက်နိုင်မယ်ဆိုတာ ကျနော်တို့ အားလုံး သိခဲ့ပါတယ်။ ဒီအခွင့်အရေးကို ကျနော်တို့ အရယူခဲ့ပါတယ်။ ဒီတော့ ကျနော် ပျော်ပါတယ် ” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။