မနေ့က တနင်္ဂနွေနေ့ညက အဲဗာတန်နဲ့ ပွဲမှာ ဂနာချိုရဲ့ လှပတဲ့ သွင်းဂိုးအပြင် ရက်ဖိုဒ့်နဲ့ မာရှယ်တို့ရဲ့ ဂိုးတွေကြောင့် ၃-၀ ဖြင့် အနိုင်ရပေမယ့် အဲဗာတန်အသင်း အခွင့်အရေး အများကြီး ရတဲ့အပေါ် ရွိုင်ကိန်းက သိပ်တော့ သဘောမကျပါဘူး။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ရလဒ်ကောင်းတွေ ပြန်ယူလာနိုင်နေတဲ့အပေါ်တော့ အသင်းခေါင်းဆောင် ဟောင်းကြီး ရွိုင်ကိန်းက ကျေနပ် ပျော်ရွှင်နေပါတယ်။
ရွိုင်ကိန်းက ” အဲဗာတန်ကို ရင်ဆိုင်တဲ့ ဒီနေ့ပွဲမှာ ယူနိုက်တက်က အခွင့်အရေး ပေးရတာတွေ အတော်လေး များပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ပိုကောင်းလာခဲ့တယ်။ ၂-၀ မှာတင် ပွဲပြီး သွားပြီလို့ ထင်မိခဲ့ပြီး အဲ့လို မြင်ရတာက သိပ်ကောင်းပါတယ်။ ” လို့ ချီးကျူးပါတယ်။
ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲထိကို အနိုင်ရခြင်းနဲ့အတူ အဆင့် ၆ နေရာကို ပြန်ရောက် လာခဲ့ပါတယ်။
” အခုဆို မန်ချက်စတာ ယူနိုက်တက်က အဆင့် ၆ မှာ ရှိနေပါတယ်။ အရင်နှစ်တွေတုန်းကဆိုရင် အဆင့် ၆ မှာ ရှိနေတာကို ရှက်မိမှာပါ။ ဒါပေမယ့် အခုကတော့ အဆင့် ၆ မှာ ရှိနေတာကိုတောင် သူတို့က ပျော်နေသလိုပါပဲ။
သူတို့ ခရီးရှည်ကြီး လာခဲ့ရတာပါ။ မန်ယူနိုက်တက်က အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင်နေရတာပါ။ လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ်နဲ့ နောက်ပြီး ဒီတလော ပုံစံကောင်း ပြနေတဲ့ စပါး အပါအဝင် နယူးကာဆယ်လို အသင်းနဲ့ကောပါပဲ။
နောက်အပတ်မှာ သူတို့ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ရပါမယ်။ ယူနိုက်တက် ပြန်လာနိုင်ပြီလား မြင်ကြရမယ်။ ဒီလို ပွဲကြီးတွေမှာ သူတို့ ပြန်လာနိုင်ရပါမယ်။
ယူနိုက်တက်က အဆင့်ကောင်းမှာ ရှိနေတယ် ဆိုပေမယ့် မန်ချက်စတာ ယူနိုက်တက်လို အသင်းအတွက် ကစားရင် အသင်းကြီးတွေကို ယှဉ်ပြိုင်နိုင်ရပါမယ်။ ” လို့ ရွိုင်ကိန်းက ပြောဆိုသွားပါတယ်။