မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်က သူ့ရဲ့ အေဂျက်တည်းက တပည့်ဟောင်း တစ်ဦး ဖြစ်တဲ့ ယူနိုကတက်ကွင်းလယ် ကစားသမား ဒွန်နီ ဗန်ဒီဘိခ် ကို လက်လွှတ်ရဖွယ် ရှိကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဗန်ဒီဘိခ် ကို ဂျူဗင်တပ် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဒီတလောမှာ သတင်းတွေ ထွက်ထားတာပါ။ နယ်သာလန်သား ကွင်းလယ်တိုက်စစ်သမားဟာ ပုံမှန် ပွဲကစားခွင့် ရဖို့ အသည်းအသန် လိုချင်နေပြီး ဇန်နဝါရီမှာ အသင်းပြောင်းဖွယ် ရှိနေပါတယ်။

ဗန်ဒီဘိခ် က ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အတွက် ၂ ပွဲသာ ဝင်ကစားထားရပြီး မိနစ်နဲ့ ပြောမယ် ဆိုရင် ၂၁ မိနစ်သာ ရှိပါတယ်။ ဒီထဲက ၁၉ မိနစ်က ကာရာဘောင်း ဖလား ပွဲမှာ ဖြစ်နေတာပါ။

မန်ချက်စတာ ယူနိုက်တက် ဟာ ကွင်းလယ်သမားတွေ ဖြစ်တဲ့ မေဆန်မောင့်နဲ့ အမ်မရာဘတ် ကို နွေတုန်းက ခေါ်ယူလိုက်တာကြောင့် ဗန်ဒီဘိခ် အတွက် ပိုပြီး နေရာပျောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီသောကြာနေ့က သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ တန်ဟက်က ” ဒွန်နီက ပွဲကစားဖို့ လိုတယ် လို့ ကျွန်တော် ထင်ပါတယ်။ ပွဲ လူစာရင်းထဲမှာ သူ ပါနိုင်တယ် ဆိုရင်တော့ အခွင့်အရေး ရှိမှာပါ။ ဒီရာသီ သူ နည်းနည်း အထ နှေးနေတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကြံ့ခိုင်မှု ပိုင်းနဲ့ ဒဏ်ရာ နောက်ဆက်တွဲတွေကြောင့်ပါ။

အခုတော့ ထရိန်နင်မှာ သူ ကောင်းကောင်း လုပ်နေပြီ။ ဒါပေမယ့် ကျွန်တော်ကတော့ ဘာ အာမခံချက်မှ ပေးလို့ မရဘူး။ ဒါပေမယ့် သူ့ ကစားသမား ဘဝအတွက်၊ အစစ အရာရာ အတွက် သူ ပွဲကစားချိန် လိုတယ် ဆိုတာကိုတော့ ကျွန်တော် သဘောပေါက်ပါတယ်။ ” လို့ တန်ဟက်က ပြောဆိုခဲ့ကာ သူ့ တပည့်ကို ထွက်ခွာခွင့် ပေးဖွယ် ရှိကြောင်း အရိပ်အမြွက် အသိပေးခဲ့ပါတယ်။

ဗန်ဒီဘိခ်ကလည်း ပြီးခဲ့တဲ့ အပတ်ကပဲ ” ကျွန်တော် ပုံမှန် ပွဲ ကစားနေရဖို့ လိုပါတယ်။ မန်ချက်စတာ ယူနိုက်တက်မှာ မဟုတ်ရင်တော့ တခြားသော ကလပ် ဖြစ်မှာပေါ့။ ဒါက ဖြစ်သင့်တဲ့ ရည်မှန်းချက်ပါ။ ကျွန်တော်က ဘောလုံးကို လုံးဝ ခရေစီ ဖြစ်တဲ့ သူပါ။

မန်ချက်စတာ ယူနိုက်တက်မှာ ဝင်ငွေ လစာ ကောင်းပါတယ်။ ဒါပေမယ့် ငွေကြေးက ကျွန်တော့်ကို စိတ် တက်ကြွစေတာ မဟုတ်ဘူးလေ။ ” လို့ ပြောဆိုကာ သူ့ သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့ပြီ ဖြစ်ပါတယ်။