နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက အဝေးကွင်းမှာ နယူးကာဆယ်ကို သွားရောက် ရင်ဆိုင် ကစားရာ ၁-၀ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။

ဒီပွဲ အပြီးမှာ သရဲနီဟောင်းကြီး ပေါစခိုးလ်က ခပ်စောစော လူစားလဲခံရတဲ့ ရက်ဖို့ဒ် ဘယ်လို ဖြစ်သွားလဲ မယုံနိုင်အောင် ဖြစ်ရကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

‘ ရက်ဖိုဒ့် ဘာကို စဉ်းစားလို့ ဘာတွေကို အံ့ဩနေမှန်း ကျနော်တော့ နားကိုမလည်ဘူး။ သူက အသင်းကို ကောင်းတာထက် ဆိုးတာပဲ ဖြစ်နေစေတာပါ။

မနှစ်တုန်းက ရက်ဖိုဒ့် သိပ်ကောင်းပါတယ်။ သူ့မှာ အရည်အချင်း ရှိတာကိုလည်း သံသယ မရှိပါဘူး။ ဒါပေမယ့် ဒီလိုမျိုးကြီး ခြေပြန်ကျသွားတယ်။ ဒီအခြေအနေက ကလပ်အတွက် ကောင်းတယ်လို့ ကျနော် မထင်ဘူး။

အခုချိန် သူက အသင်းမှာ အတွေ့အကြုံရင့် ကစားသမား တစ်ဦးပါ။ အသင်းသားတွေက သူ့ကို အတု ယူနေရတာ၊ မိုင်င်နူးပဲဖြစ်ဖြစ် ဂနာချိုပဲဖြစ်ဖြစ် သူ့ထံက သင်ယူနေကြတာပါ ’ လို့ ပေါစခိုးလ်က ဆိုခဲ့တာပါ။

စခိုးလ်က ရက်ဖို့ဒ် အပြင် ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကိုလည်း ဝေဖန်ခဲ့သေးပြီး ပေါ်တူဂီသားဟာ ကွင်းထဲမှာ လျှောက်လုပ်ကာ အသင်း ကစားကွက်ကို ပျက်စေခဲ့တယ် လို့ ပြင်းပြင်းထန်ထန် ဆိုခဲ့ပါတယ်။