မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ နယူးကာဆယ်ကို ၁-၀ ဖြင့် ရှုံးနိမ့်ကာ အမှတ်ပေးဇယား အဆင့် ၆ ရောက်သွားခဲ့ပါတယ်။
ထိုပွဲ ရလဒ်ကြောင့် ယူနိုက်တက်ရဲ့ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ရေး အခွင့်အရေးဟာ အနည်းငယ် ပြန်ဝေး သွားခဲ့ပြန်ပါပြီ။
ကာဆယ်နဲ့ ပွဲ ရလဒ်ကို နည်းပြတန်ဟက်က စိတ်ပျက်ပေမယ့်လို့ နောက်အပတ် ချယ်ဆီးပွဲက စတင်ကာ နိုင်ပွဲတွေ ပြန်ယူနိုင်မယ်လို့ မျှော်လင့်နေပြီး သူ့သဘောထားကို အခုလို ပြောဆိုလာပါတယ်။
အဲရစ်တန်ဟက်က ” ကျနော်တို့ ခက်ခဲတဲ့ ပထမပိုင်းကို တိုက်ခိုက်ခဲ့ပြီး ဒုတိယပိုင်းကို ဆက်လက် ယှဉ်ပြိုင် ကစားမယ်လို့ ပြောခဲ့ကြတယ်။ ပွဲနောက်ဆုံး မိနစ်တွေမှာ ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ မနက်ဖြန်မှာ အသင်းနဲ့အတူ ဒီပွဲအကြောင်း စကားပြော ဆွေးနွေးသွားမှာပါ။
ကျနော်တို့ မန်ချက်စတာကို ပြန်မယ်၊ ဒီပွဲအကြောင်း စကားပြောမယ်၊ ကျနော် အသင်းနဲ့ စကားပြောမှာပါ။ ပြီးရင် ဗုဒ္ဓဟူးနေ့ ချယ်ဆီးပွဲကို ဆက်လက် ယှဉ်ပြိုင်ပါမယ်။
ကျနော်တို့ အခွင့်အရေးတွေ ရခဲ့တယ်၊ ဂိုးသွင်းနိုင်စရာ အခွင့်အရေး ရှိခဲ့ပေမယ့် လူကျွံဘော ဖြစ်နေခဲ့တယ်။ ကျနော်တို့ ဂိုးသွင်းနိုင်ခဲ့သင့်တာ ဖြစ်ပါတယ်။
ဒီအသင်းက ခံနိုင်ရည် ရှိပါတယ်။ ဒါကို မန်စီးတီး ရှုံးပွဲအပြီးမှာ မြင်ခဲ့ရပြီးပါပြီ။ ကျနော်တို့ ဆိုးရွားတဲ့ အရှုံး ရလဒ် ရခဲ့အပြီး အတူတကွ ပြန်စုစည်းနိုင်ခဲ့ပါတယ်။ ကျနော်တို့မှာ ပလန်ရှိပါတယ်၊ ဆက်ပြီး ယှဉ်ပြိုင် သွားမှာပါ ” လို့ ထုတ်ပြောသွားပါတယ်။
ချယ်ဆီးဟာလည်း ယူနိုက်တက်လိုပဲ ရလဒ်တွေ မတည်ငြိမ်ခြင်းနဲ့အတူ အမှတ်ပေးဇယား အဆင့် ၁၁ မှာ ရှိနေတာ ဖြစ်ပါတယ်။