တနင်္ဂနွေညက ပရီးမီးယားလိဂ် ပွဲမှာ လီဗာပူး အသင်းဟာ ဒီည ဖူလ်ဟမ်အသင်းကို အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ယှဉ်ပြိုင်ရာ ခံစစ်ယိုင်နဲ့မှုတွေနဲ့ အတူ ဂိုးတွေ အကြိမ်ကြိမ် ပေးခဲ့ရပေမယ့် ခိုင်မာတဲ့ စိတ်ဓါတ်ကောင်းတွေကို ပွဲပြီးထိ ပြသကာ ၄-၃ ဖြင့် အနိုင်ရခဲ့ပါတယ်။

ဂိုးသမား အယ်လီဆန်နဲ့ တိုက်စစ်မှူး ဂျိုတာတို့ ဒဏ်ရာကြောင့် မကစားနိုင်တဲ့ လီဗာပူးအသင်းဟာ ပွဲကြပ်ကာလမှာ စတင်ကာ အားပျော့လာနေပါပြီ။

ရော်ဘတ်ဆန်၊ သီယေဂိုတို့ ပြန်သက်သာလာခြင်း မရှိသေးဘဲ လူစာရင်းပိုင်း ထိခိုက်မှုဟာ ဒီဇင်ဘာလ အစမှာတင် ယာဂင်ကလော့ပ်ရဲ့ အသင်းကို အားလျော့စေပါတယ်။

ထရန့်ရဲ့ တည်ကန်ဘောကောင်းကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် လီဗာပူး အကယ်ဒမီထွက် ဝဲလ်ဆန်ကပဲ ၄ မိနစ်အကြာမှာ ဖူလ်ဟမ်အတွက် ခြေပဂိုး သွင်းယူပေးခဲ့ပါတယ်။

ကွင်းလယ်ကနေ မက်ကယ်လစ္စတာရဲ့ လက်ဖျားခါလောက်တဲ့ ကန်ချက်က ဂိုးထောင့်ထဲ ဝင်သွားခဲ့ပြန်ကာ လီဗာပူးတို့ ဒုတိယအကြိမ် ဦးဆောင်နိုင်ခဲ့ခြင်းကလည်း ပထမပိုင်းပြီးအောင်တောင် မရောက်ခဲ့ဘဲ ခြေပဂိုး ပြန်ပေးခဲ့ရပြန်ပါတယ်။

အယ်လီဆန် မပါတဲ့ လီဗာပူးအသင်းဟာ ခံစစ်ပိုင်း ပုံစံတွေမှာ အတော်လေး လိုအပ်ချက်ရှိပြီး နားလည်မှုတွေ လွဲမှားနေခဲ့ကြပါတယ်။ ကလယ်ဟာဟာ လီဗာပူးအသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူဖို့ရာမှာ အားနည်းချက်တွေ များလှပြီး ဒီပွဲမှာ သူ့ထံက ကာကွယ်မှုကောင်း အချို့ကိုတော့ မြင်ခဲ့ရပါတယ်။

ဆာလာရဲ့ ဖန်တီးမှုတွေကို အားကိုးခဲ့ရတဲ့ လီဗာပူးအတွက် ဒါဝင် နူးညက်စ်ရဲ့ ပိတ်ချက် ဘားတန်းထိခဲ့တာကလည်း နစ်နာမှုဖြစ်ခဲ့တယ်။ ဒီပွဲမှာ ဒါဝင်ဟာ အဆုံးသတ် မကောင်းပေမယ့် တိုက်စစ်ကနေ ဆာလာနဲ့ တွဲဘက်ပြီး အတော်လေး ကစားပြနိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့ အနှစ်သာရက ပွဲချိန် ၈၀ မှာ ဖူလ်ဟမ်တို့ ဦးဆောင်ဂိုး သွင်းတာကနေ စတင်ခဲ့တာပါ။ လီဗာပူးတို့ ပြန်လာနိုင်တော့မလား သံသယတွေ ဝင်လာရချိန် နည်းပြကလော့ပ်က ဂရာဗင်ဘက်ချ် နေရာမှာ အန်ဒိုကို ထည့်ခဲ့ပြီး ကစားဟန် အပြောင်းအလဲကို ဖော်ဆောင်ခဲ့တယ်။

မှန်ကန်တဲ့ လူစားလဲမှု ဖြစ်ခဲ့ကာ အန်ဒိုက လူစားဝင်လာပြီး ၇ မိနစ်လောက်မှာတင် ခြေပဂိုး သွင်းယူ ခဲ့ပါတယ်။ လီဗာပူးရဲ့ တောက်လျှောက် တင်ကစားတဲ့ တိုက်စစ်ပုံစံတွေကြောင့် ၃-၃ ဖြစ်ပြီး ၁ မိနစ် အကြာမှာပဲ ထရန့်က ဧရိယာအတွင်းရဲ့ ထိပ်ပိုင်းကနေ ထပ်မံ ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ လီဗာပူးအသင်းဟာ အမှားတွေ များခဲ့ပေမယ့် နိုင်လိုစိတ်ကို ပြသခဲ့ပြီး အဖိုးတန် နိုင်ပွဲရယူနိုင်ခဲ့ခြင်းကြောင့် ဇယားထိပ်က အာဆင်နယ်နဲ့ ၂ မှတ်အကွာ ဒုတိယနေရာကို တက်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။