ညက လူတန်တောင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ကစားတဲ့ပွဲမှာ အာဆင်နယ်ဟာ မျှော်လင့် ထားသလို သက်သက်သာသာ နိုင်ပွဲမျိုး မဟုတ်ခဲ့ဘဲ နောက်ဆုံး မိနစ်မှ ရိုက်စ်ရဲ့ အနိုင်ဂိုးနဲ့အတူ အဖိုးတန် ၃ မှတ်ရခဲ့ပါတယ်။

ဒီပွဲမှာ လူတန်တောင်းရဲ့ ဒုတိယဂိုးအတွက်ကော၊ ဦးဆောင်ဂိုးမှာပါ အာဆင်နယ် ဂိုးသမား ရာယာရဲ့ ကာကွယ်မှုဟာ အားနည်းမှုတွေ ရှိခဲ့ပါတယ်။ သူဟာ ပိုကောင်းတဲ့ ကာကွယ်မှုကို လုပ်နိုင်ခဲ့သင့်တာဖြစ်ပြီး ရိုက်စ်ရဲ့ နောက်ကျဂိုးကြောင့် မဟုတ်ရင် ပေးဆပ်မှု ကြီးမားခဲ့နိုင်ပါတယ်။

နယူးကာဆယ် ဂန္တဝင်ကြီး အလန်ရှီးယား ကတော့ ဒေးဗစ် ရာယာရဲ့ လစ်ဟာမှုတွေကို ပွဲအပြီးမှာ ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

” ဒီကနေ့ခေတ် ဂိုးသမားတွေဟာ ဘောလုံးကန်ချက်တွေကို ကာကွယ်တားဆီးရမယ် ဆိုတာနဲ့ ဖြတ်တင်ဘောတွေကို ဖမ်းဆီးနိုင်ရမယ်ဆိုတဲ့ ဂိုးသမားတစ်ယောက်ရဲ့ တာဝန်တွေကို စိတ်ထဲမှာ ရှိမနေကြတော့ပါဘူး။

ရာယာက ဖြတ်တင်ဘောတွေမှာ သက်သောင့်သက်သာ မရှိခဲ့တာကို မြင်ရပါတယ်။ ဂိုးသမားတစ်ယောက် အနေနဲ့ ကြီးမားတဲ့ အမှားတွေကို လုပ်ခဲ့မိပါတယ် ” လို့ အလန်ရှီးယားက ပြောဆိုခဲ့တာပါ။

အာဆင်နယ် အသင်းဟာ နေရာစုံမှာ အင်အားကောင်းလာနေပြီး အခုဆို အမှတ်ပေးဇယားမှာ ၅ မှတ် ထိဖြတ်ထားနိုင်ပါပြီ။

ဒါပေမယ့် ဂိုးသမား နေရာက ရမ်စ်ဒယ်နဲ့ ရာယာတို့ ၂ ဦး ရှိနေတဲ့ ဂိုးသမား နေရာကတော့ မကြာခဏ အမှားတွေ ဖြစ်ပေါ်လာနေသလို အသင်းကို ပေးဆပ်မှုတွေ မဖြစ်အောင် ဂရုစိုက်ဖို့ လိုအပ်နေပါတယ်။