ပရီးမီးယားလိဂ် ဘောလုံးသုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ဂျင်မီ ရက်နက်ကတော့ မနေ့ညက အက်စတွန်ဗီလာ ၁-၀ အာဆင်နယ်ပွဲမှာ ကိုင်ဟာဗက်ရဲ့ ချေပဂိုးကို ပယ်ဖျက်ခဲ့တဲ့ VAR လုပ်ရပ်ကို ဝေဖန်သွားပါတယ်။

အာဆင်နယ် တိုက်စစ်သမား ကိုင်ဟာဗက်က ဘောလုံးကို အနီးကပ် ပိတ်သွင်းခဲ့ပေမယ့် သွင်းဂိုး မတိုင်ခင်မှာ ဘောလုံးက လက်ကို လာထိတဲ့ ဖြစ်ရပ် ဖြစ်ပေါ်ခဲ့တာပါ။

အဆိုပါဖြစ်ရပ်ကို အချိန်အကြာကြီး ပြန်စစ်ဆေးအပြီးမှာ ဘောလုံးက လက်ကို အရင်ထိခဲ့တယ်ဆိုကာ သွင်းဂိုး ပယ်ဖျက်ဖို့ ဖြစ်လာခဲ့ပါတယ်။

ရက်နက်ကပဲ ” တကယ့်ကို အဓိပ္ပာယ်မဲ့တဲ့ စည်းမျဉ်းပါပဲ။ ဘယ်လိုလုပ်ပြီး လက်ထိဘော ဖြစ်သွားတာလဲ? Cash နဲ့ ထိမိပြီး ဘောလုံးက ပြန်စင်ထွက်လာတာပါ။ ဘောလုံးက သူ့လက်ကို လာထိခဲ့ပြီး သူက ဂိုးထဲ သွင်းယူခဲ့တာပါ။

စည်းမျဉ်းမှာတော့ ဂိုးသွင်းတဲ့သူဟာ သွင်းဂိုး မတိုင်ခင် ဘောလုံးက လက်နဲ့ထိခဲ့ရင် ဂိုးမပေးဘူးဆိုတာ ပါဝင်နေပါတယ်။

ဒီစည်းမျဉ်းနဲ့ ပတ်သက်ပြီး တကယ်ကိုပဲ စိတ်ရှုပ်ထွေးမိပါတယ်။ ဘယ်လိုလုပ်ပြီး လက်ထိဘော ဖြစ် သွားတာလဲ? အခုချိန်မှာတော့ အဲ့စည်းမျဉ်းက ရှိနေပါတယ်။ ဒါပေမယ့် ဒီစည်းမျဉ်းက သိပ်တော့ မမိုက်ပါဘူး။ အာဆင်နယ် ရသင့်တဲ့ ဂိုးက နစ်နာသွားပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။