ဒီတလော ခြေပျက်နေပေမယ့် လာမယ့် အပတ် အန်ဖီးကွင်းမှာ လီဗာပူးနဲ့ ရင်ဆိုင်ကစားဖို့ရာ သတ္တိ ရှိကြစမ်းပါလို့ သရဲနီဟောင်းကြီး ဂယ်ရီနဗီးက မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေအား တိုက်တွန်းလိုက်ပါတယ်။

အင်္ဂလန်ဒါဘီ အဖြစ် ထင်ရှားတဲ့ အနောက်မြောက်ပိုင်း ဒေသ ကလပ်နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုဟာ ဒီ တစ်ကြိမ် မှာတော့ အကြောက်တရား ကြီးစိုးမှုတွေ ရှိနေပါတယ်။

အထူးသဖြင့် ယာဂင်ကလော့ပ်ရဲ့ လီဗာပူး အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကို ယှဉ်ပြိုင်ရာမှာ မညှာတမ်း ဂိုးပြတ်တွေ အနိုင်ယူတတ်လာတာ ဖြစ်ပါတယ်။ ဒီအပတ်မှာလည်း ဇယားထိပ် ဦးဆောင်ခွင့်ကို ဆက်လက် ထိန်းနိုင်ဖို့ရာ လီဗာပူးက ဒီပွဲကို ပြင်းပြင်းထန်ထန် အားထုတ်လာဖို့လည်း ရှိနေပါတယ်။

တနင်္ဂနွေနေ့ ပွဲကြီးပွဲကောင်း အတွက် ဂယ်ရီနဗီးက ‘ ယူနိုက်တက် ပရိသတ်အနေနဲ့ မနှစ်ကရာသီ လီဗာပူးကို ၇-၀ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာမို့ ဒီရာသီမှာ ထပ်ပြီး အရိုက်ခံရမယ်ဆိုတဲ့ ခံစားချက်မျိုး ရှိနေမှာပါ။

အမြဲတမ်း အဲ့လိုဖြစ်နေမှာ မဟုတ်ပါဘူး။ ယာဂင်ကလော့ပ်နဲ့ သူ့ကစားသမားတွေကလည်း ယူနိုက်တက်ကို ရင်ဆိုင်ရမှာ လွယ်ပါတယ်လို့ တွေးနေကြမှာ မဟုတ်ပါဘူး။ ယူနိုက်တက်နဲ့ ပတ်သက်ပြီး စိတ်ပူတာဟာ သူတို့က ကျနော်တို့ကို အံ့ဩသွားအောင် လုပ်ပြနိုင်ခြင်း မရှိတာပါ။

ယူနိုက်တက်မှာ ခေါင်းဆောင် မရှိဘူး၊ ယူနိုက်တက် ကစားသမားတွေအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ အန်ဖီးကို ရင်ဆိုင်နိုင်တဲ့ အရည်အချင်း မရှိဘူး။ ဘယ်လို အသင်းကိုပဲ ရင်ဆိုင်ရပါစေ ရဲရဲရင့်ရင့် မကစားပြနိုင်ရင် ပြိုင်ဘက်က ကျနော်တို့ကို ဝါးမြိုသွားပါလိမ့်မယ်။

ဒီအတွက် ကျနော်တို့ ပြင်ဆင်ရပါမယ်။ အန်ဖီးမှာ အကြောက်တရားကင်းကင်း သတ္တိ ရှိရှိ ကစားရပါမယ်။ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့ကို ယှဉ်ပြိုင်ရမှာကို ခက်ခဲတဲ့ သီတင်းပတ်လို့ တွေးနေမယ့်အစား ယူနိုက်တက်လို အသင်း ယှဉ်ပြိုင်ရမယ့် သီတင်းပတ် အဖြစ် မျှော်လင့်နေရမှာပါ ’ လို့ တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အန်ဖီးကွင်းမှာ သွားရောက် ရင်ဆိုင်တိုင်း ရလဒ်တွေ မကောင်းတတ်သလို မနှစ်ကရာသီမှာတော့ သမိုင်းဝင် ၇ဂိုးပြတ် ရှုံးပွဲကို ကြုံတွေ့ထားရတာ ဖြစ်ပါတယ်။