လီဗာပူးအသင်းဟာ ဒီနွေမှာတော့ လူစာရင်းထဲက အသင်းသားအချို့ကို ရှင်းထုတ်သွားဖို့ ပြင်ဆင်နေပြီလို့ စကိုင်းဂျာမနီက ဖော်ပြပါတယ်။
ဂျာမာန်ကလပ် မိန့်ဇ်အသင်းကို တရာသီ အငှားချထားတဲ့ နယ်သာလန် ခံစစ်မှူး ဆပ်ဗန်ဒန်ဘတ်ဟာ လီဗာပူးကနေ ထွက်ခွာလိုတာကြောင့် သူ့ကို ဒီနွေမှာ ဘွန်ဒက်လီဂါ ကလပ်တစ်သင်းထံ ရောင်းချရမယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ်ထိ လီဗာပူးနဲ့ စာချုပ်ရှိနေတဲ့ ဗန်ဒန်ဘတ်က သူအသင်းပြောင်းလိုကြောင်း အသိပေးထားကာ ကလပ်ဘက်က မီးစိမ်းပြလာမှာကို စောင့်ဆိုင်းနေပါတယ်။
ဘွန်ဒက်လီဂါထံ ရောက်ဖို့ သတင်းကြီးနေတဲ့ အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးအတွက် လီဗာပူးဘက်က ယူရို ၁၅ သန်း စျေးသတ်မှတ်ပေးထားတယ်။ သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် အချို့ကလည်း စိတ်ဝင်စားနေပါတယ်။
လီဗာပူးအသင်းဟာ ခံစစ်မှူး ဂိုးမက်စ်၊ ဘယ်အစွန်လူ ကိုစတက်အပြင် တိုက်စစ်သမား ဒီယက်ဇ်တို့ကိုလည်း ဒီနွေမှာ ရောင်းချမယ်လို့ သတင်းကြီးနေတာ ဖြစ်ပါတယ်။