မန်စီးတီး ဥက္ကဋ္ဌဖြစ်သူ Al Mubarak က အာဆင်နယ်ကို အဝေးကွင်းမှာ ရှုံးခဲ့တာကြောင့် သူတို့အသင်း ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်မယ်ဆိုတာ သိခဲ့တယ်လို့ ဆိုပါတယ်။

စီးတီးဟာ ၄ ရာသီဆက် ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တဲ့အသင်းဖြစ်ကာ အနီးကပ်ပြိုင်ဘက် အာဆင်နယ်နဲ့ ၂ မှတ်အကွာဖြင့် ချန်ပီယံဖြစ်လာခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့အသင်းဟာ အောက်တိုဘာတုန်းက အာဆင်နယ်ကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ကာ မတ်လမှာ ယှဉ်ပြိုင်ကစားတဲ့ အီတီဟက်ပွဲမှာတော့ ၀-၀ သရေကျခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ရှုံးပွဲဟာ စီးတီးကို တွန်းအားဖြစ်စေခဲ့တာပါ။

‘ ကျနော်တို့အသင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ်လို့ ကျနော် ဘယ်အချိန်မှာ သိသွားလဲ ခင်ဗျားတို့ကို ပြောပြမယ် ’ ဆိုပြီး Al Mubarak က ပြောပါတယ်။

‘ အဝေးကွင်းမှာ အာဆင်နယ်ကို ရှုံးလိုက်တာက ကျနော်ကို အံ့ဩစေခဲ့ပါတယ်။ ကျနော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး၊ ကစားပုံ ဆိုးရွားနေတာလည်း မဟုတ်ဘူး။ ကိုယ်ကစားရမယ့် အဆင့်အတန်းမှာ မရှိခဲ့ပါဘူး။

ဒါပေမယ့် အဲ့ပွဲကို ကျနော်တို့ ရှုံးခဲ့သင့်တယ်လို့ မထင်ပါဘူး။ နောက်ဆုံးမိနစ်နားမှာ လမ်းကြောင်းပြောင်းသွားတဲ့ သွင်းဂိုးကြောင့် ကျနော်တို့ ရှုံးခဲ့တာ ဖြစ်ပါတယ်။

ကျနော်ကတော့ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်ကို ကျနော်တို့ပဲ အနိုင်ရလိမ့်မယ်လို့ ပြောခဲ့တယ်။ အသင်းဟာ ရှေ့ဆက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့ပါတယ် ’ လို့ စီးတီး ဥက္ကဋ္ဌက ဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ လက်တလောမှာတော့ ပရီးမီးယားလိဂ်နဲ့ အပြန်အလှန် တရားရင်ဆိုင်မှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။