အာဆင်နယ်အသင်းဟာ အဲဗာတန် ကွင်းလယ် ကစားသမား အမ်မာဒူ အိုနာနာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ ရေပန်းစား၊ သတင်းတွေ များစွာ တက်ခဲ့တာပါ။

ဒီနွေမှာ သောမတ်စ် ပါတေး ထွက်ခွာဖွယ် ရှိနေတာကြောင့် ဂန်းနားတို့ဟာ ပါတေးလို စွမ်းဆောင်နိုင်မယ့် ကွင်းလယ် ကစားသမား တစ်ဦး ပြန် အစားထိုးဖို့ လိုအပ်နေပြီး အိုနာနာ ကတော့ အဲဒီ လိုအပ်ချက်တွေနဲ့ ပြည့်စုံနေပါတယ်။

အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နို ကတော့ အာဆင်နယ် ဟာ ပြီးခဲ့တဲ့ ရာသီ တလျောက်လုံး အဲဗာတန်မှာ အိုနာနာ ဘယ်လို စွမ်းဆောင်ခဲ့သလဲ တောက်လျောက် စောင့်ကြည့် လာခဲ့တာဖြစ်ကြောင်း ဖော်ထုတ်ထားပါတယ်။

အာဆင်နယ်ရဲ့ ဦးစားပေး ပစ်မှတ် စာရင်းမှာ အိုနာနာ ပါဝင်နေတာ သေချာပေမယ့် အခုထိ တရားဝင် ချဉ်းကပ် ကမ်းလှမ်းမှုမျိုးတော့ မလုပ်ထားဘူးလို့လည်း သတင်းထောက် ရိုမန်နို က ဆိုပါတယ်။

အာဆင်နယ် ဟာ ဒီနွေမှာ ဦးစားပေး ချိတ်ဆက်ခဲ့တဲ့ လိုက်ပ်ဇစ် တိုက်စစ်မှုး ဆက်ကို ကိုလည်း မရတော့ဘဲ လွဲချော်ပြီး ဖြစ်ပါတယ်။ ဆက်ကို က အသင်းမပြောင်းတော့ဘဲ လက်ရှိကလပ် လိုက်ပ်ဇစ်မှာ ဆက်နေဖို့ ဆုံးဖြတ်ကာ သက်တမ်းတိုးဖို့ ရွေးချယ်သွားခဲ့တာပါ။

အာဆင်နယ် အနေနဲ့ လက်နှေးရင် ကျန်ရစ်မယ့် ကိန်း ရှိတာကြောင့် ပစ်မှတ် ကစားသမားတွေကို ခပ်သွက်သွက် ချုပ်ထားဖို့ လိုအပ်နေပါတယ်။