အာဆင်နယ် တိုက်စစ်မှုး ဂါဘရီရယ်ဂျေဆူးဟာ ခရစ္စတယ်ပဲလေ့စ်နှင့် တစ်ပတ်အတွင်း နှစ်ကြိမ်ဆက် ရင်ဆိုင်တွေ့ရတဲ့ပွဲများတွင် ၅ ဂိုးသွင်းယူကာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာမှုရဲ့ နောက်ကွယ်မှ လျို့ဝှက်ချက်ကို ဖွင့်ဟ ပြောကြားလာပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက လန်ဒန်မြို့ခံပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်နှင့် ၂ ကြိမ် ထိပ်တိုက်တွေ့ခဲ့ပါတယ်။ အာဆင်နယ်နှင့် ပဲလေ့စ်တို့ဟာ ခါရာဘောင်ဖလားကွာတားဖိုင်နယ်နှင့် ပရီးမီးယားလိဂ်တို့မှာ တွေ့ဆုံလာတာလည်း ဖြစ်ပါတယ်။
သူဟာ ခါရာဘောင်ဖလားတွင် ၃-၂ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ဟက်ထရစ်သွင်းနိုင်ခဲ့ပြီး စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၅-၁ ဖြင့် နိုင်တဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဂျေဆူးဟာ ယခုရာသီမှာ အကောင်းဆုံးပုံစံ ရရှိရန် ရုန်းကန်ရမှုနှင့်အတူ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ထွက်ခွာနိုင်တယ်လို့ သတင်းထွက်နေတာပါ။
ဒါပေမဲ့ သူဟာ အကောင်းဆုံးပုံစံ ရရှိလာမှုနှင့်အတူ အာဆင်နယ်ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာပြီး ရှေ့ဆက် လည်း ဆက်လက်ပါဝင်လာဖို့ ရှိပါတယ်။
ဂျေဆူးက “အသင်းမှာ ပြန်လည်ပါဝင်လာပြီး ကစားခွင့်ပိုရလာတာ ကောင်းတယ်။ အာဆင်နယ်က ကလပ်ကြီးတစ်ခုပါ။ ဒီက ကျောနံပါတ် ၉ ကစားသမားရဲ့ ဖိအားကို ကျွန်တော် သိပါတယ်။ အပြုံးမျက်နှာနဲ့ ပွဲကစားချိန်မှာ အားလုံး ကွဲပြားနေပါတယ်”လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ ပဲလေ့စ်ကို အနိုင်ရရှိမှုနှင့်အတူ လီဗာပူး၊ ချဲလ်ဆီးတို့နှင့် အတူ ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်လာပါတယ်။ အာဆင်နယ်ဟာ ဘောက်ဆင်ဒေးအဖွင့်ပွဲအဖြစ် အစ္စဝှစ်ချ်နှင့် ရင်ဆိုင်ကစားရပါမယ်။