လီဗာပူးဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ရလဒ်ကောင်းမယ်ဆိုရင် ၂၆ ပွဲဆက် ရှုံးပွဲမရှိ စံချိန်တစ်ခု ရရှိနိုင်မှာဖြစ်ပေမယ့် မန်နေဂျာကလော့ပ်ကတော့ သူ့ကိုယ် ၁၉၈၀ ကာလတွေတုန်းက ဂန္တဝင်ကြီး ဘော့ ပီယာစလေရဲ့ ဂန္တဝင်အသင်းနဲ့ နှိုင်းယှဉ်မှုတွေကို ငြင်းပယ်ခဲ့ပါတယ်။

လီဗာပူးဟာ ဧပြီလတုန်းက ရီးရဲလ်မက်ဒရစ်ကို နောက်ဆုံ းရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဲ့နောက်ပိုင်း ၇ လကြာတဲ့အထိ ပြိုင်ပွဲစုံ ၂၅ ပွဲမှာ ရှုံးပွဲမရှိသေးတာ ဖြစ်ပါတယ်။

ဒီမှတ်တမ်းဟာ အံ့အားသင့်စရာကောင်းပြီး ၁၉၈၂ တုန်းက ပီယာစလေရဲ့ အသင်းနဲ့ ပူးတွဲစံချိန်ဖြစ်သလို နောက်တစ်ပွဲနိုင်ရင် အဆိုပါစံချိန်ကို ကျော်ဖြတ်ဖို့ အခွင့်အရေး ရှိနေတာတောင် ကလော့ပ်က ဂန္တဝင်အသင်းနဲ့ နှိုင်းယှဉ်ဖို့ အလိုမရှိနေတာပါ။

“ အဲ့ဒီ့အချိန်တွေနဲ့ ကျွန်တော် မယှဉ်နိုင်ပါဘူး။ အဲ့ဒီ့တုန်းက ကျွန်တော် ကလေးတစ်ယောက်အနေနဲ့ ဘောလုံးပွဲတွေ ကြည့်ခဲ့တယ်။ ဘောလုံးက ဘယ်လိုလဲဆိုတာတောင် အဲ့တုန်းက ကျွန်တော် ကောင်းကောင်းနားမလည်ခဲ့ပါဘူး။

ဒါပေမယ့် ရှန်ကလေနဲ့ ပီယာစလေတို့ အချိန်တွေတုန်းက ဘောလုံးပွဲတွေ အနိုင်ရဖို့ မလွယ်ကူခဲ့ဘူးဆိုတာ သေချာတယ်။ ဘောလုံးသမား အားလုံးအတွက်၊ အသင်းအားလုံးအတွက် တိကျတဲ့ အဆင့်အတန်းတစ်ခု ရှိခဲ့တယ်။

ဘော့ရဲ့ အသင်း လုပ်ခဲ့သလိုမျိုး အသင်းတစ်သင်းက ပြိုင်ဘက်တွေကိုကို မရှုံးအောင် ကစားနိုင်ခဲ့တာမျိုးက သူတို့တွေကို ထာဝရအကောင်းဆုံး ဂန္တဝင်တွေ ဖြစ်စေခဲ့တာပါ။ ဒါကို သံသယဖြစ်စရာ မရှိပါဘူး။

ဒါကို ကျွန်တော်တို့ ဘာလို့နှိုင်းယှဉ်ရမှာလဲ။ ကျွန်တော်တို့မှာ သူတို့နဲ့ ယှဉ်စရာ ဘာမှမရှိဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့က အခု ဖြစ်နိုင်တဲ့အရာကို လုပ်ဖို့ ကြိုးစားတယ်။ ဘာက ဖြစ်နိုင်လဲဆိုတာ ကျွန်တော်မသိဘူး။ ဘာဖြစ်နိုင်လဲဆိုတာ ကျွန်တော်တို့ ဂရုမစိုက်ဘူး။ ဒါက ခက်ခဲနိုင်တယ်ဆိုရင်တောင် ကျွန်တော်တို့ ရပ်တန့်သွားမယ် ထင်လား။ မဟုတ်ပါဘူး။

ဒါက ဖြစ်နိုင်ပေမယ့် ခက်ခဲတယ်လို့ ကျွန်တော်တို့မြင်ရင် ပျော်စရာအပိုင်းက စတင်လာတယ်။ အဲ့နောက်မှာ ကျွန်တော်တို့ ရှိသမျှအင်အားနဲ့ ကြိုးပမ်းသွားချင်တယ်။ ဒီလိုနည်းနဲ့ပဲ ကျွန်တော်တို့ရဲ့ ခရီးက ပေါက်မြောက်ခဲ့တာပါ။

ကျွန်တော်တို့ဘယ်နေရာကို သွားနိုင်လဲဆိုတာကို ကြည့်တယ်။ အဲ့ဒီ့နေရာကို သွားနိုင်တယ်လို့ သိရင် ချက်ချင်း နောက်တဆင့် မြှင့်တင်ချင်ခဲ့တာပါ”လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။