လူးဝစ် ဒီယက်ဇ်ဟာ ကြံ့ခိုင်မှုပိုင်း တိုးတက်လာပေမယ့် အခုချိန်မှာ ဒဏ်ရာ နောက်ဆက်တွဲ အခြေအနေကို စောင့်ကြည့်ခံနေရပါတယ်။

ကမ္ဘာ့ဖလားမတိုင်ခင် ရခဲ့တဲ့ ဒဏ်ရာကနေ ပြန်သက်သာလာပေမယ့် နောက်ဆက်တွဲ ဒဏ်ရာကြောင့် ခွဲစိတ်မှု ခံယူခဲ့ရတဲ့ ကိုလံဘီယာသားဟာ အခု အနေအထား တစ်ခုထိ ပြန်သက်သာလာနေပါပြီ။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒဏ်ရာကနေ နာကျင်မှုတွေ မရှိတော့ဘူးလို့ သိရတယ်။

အသင်းလိုက်တွေမှာ မပါဝင်သေးတဲ့ ဒီယက်ဇ်ကို ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ လုပ်ခွင့် ပေးထားပြီဖြစ်ကာ သူ့ရဲ့ ဒဏ်ရာကနေ ဘယ်လို လက္ခဏာ မြင်ရမလဲ အသင်းက စောင့်ကြည့်နေတာဖြစ်ပါတယ်။ ကလော့ပ်ကတော့ ခပ်စောစော သုံးနိုင်ရေး စွန့်စားဖို့ထက် အရေးကြီး သီတင်းပတ်တွေမှာ ပါဝင်ပေးနိုင်ရေး အချိန်ပေးသွားမှာပါ။

ကလော့ပ်က ‘ မနှစ်ကနဲ့ မတူတဲ့ အခြေအနေပါ။ သူ အသင်းကို ပေါ်တိုကနေ ရောက်လာတော့ ပွဲတွေ အားလုံးကို ကစားပေးနိုင်ခဲ့တယ်။ အခုကတော့ ဒုတိယအကြိမ် ဒဏ်ရာကြောင့် အနားယူနေခဲ့ရပါတယ်။

ဒူဘိုင်းမှာ ကျနော်တို့နဲ့ လေ့ကျင့်ရေး ၂ ကြိမ် ဆင်းနိုင်ခဲ့တုန်းကဆိုရင် အရမ်းကောင်းတာပဲလို့ ပျော်နေမိတာပါ။ အဲ့နောက် သူထပ်ပြီး ဒဏ်ရာရခဲ့တယ်။ သူပြန်လာနိုင်ချိန်မှာ အသင်းအတွက် တကယ်ကို အကျိုးရှိပါလိမ့်မယ်။

ဘယ်လောက်မြန်မြန် ပြန်ကောင်းမလဲတော့ ကျနော် မသိပါဘူး။ ကျနော်တို့ အခြေအနေ စောင့်ကြည့်ရမှာပါ။ ဒီအခြေအနေမှာ အဲ့တာက အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။ စိတ်ရှည်ပေးဖို့ အချိန်မရှိပေမယ့် ကျနော်တို့ စိတ်ရှည်ပေးရပါမယ်။

၁၀ ပွဲကနေ ၁၂ ပွဲစာလောက်မှာ သူက ကျနော်တို့အတွက် တကယ်ကို ကောင်းကောင်း လုပ်ပေးနိုင်မယ်လို့ ကျနော် အကောင်းမြင်ပါတယ်။ အချိန် အတိအကျ ဘယ်လောက်ယူရမလဲ ကြည့်ရမှာပေါ့။

နောက်အပတ်မှာ သူ အသင်းနဲ့အတူ သွေးပူ လုပ်နိုင်မယ်၊ နောက်ထပ် ၁ ပတ်အကြာတော့ အသင်းနဲ့အတူ လေ့ကျင့်ရေး ဆင်းမှာပေါ့။ ဒီအခြေအနေက ကောင်းပါတယ်။

ဒါပေမယ့် စောင့်ရပါမယ်။ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေ သူလုပ်နေပြီး ဒါတွေက လမ်းကြောင်း ပြောင်းသွားနိုင်တယ်။ အဲ့ကနေမှ တုန့်ပြန်မှု မရှိဘူးဆိုရင် သူ နောက်တစ်ဆင့်ကို လုပ်နိုင်ပါပြီ။ ပြန်ကစားနိုင်ဖို့ သိပ်မဝေးတော့ပါဘူး ‘ လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ရာသီသိမ်း နောက်ဆုံး ၂ လမှာ ဒီယက်ဇ်ကို အင်ပြည့်အားပြည့် သုံးနိုင်ဖို့ ရည်ရွယ်ထားခြင်းကြောင့် ရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ သူ့ကို ထည့်သုံးနိုင်ဦးမှာ မဟုတ်ပါဘူး။