ဒီအပတ် ပရီးမီယားလိဂ်ရဲ့ စူပါဆန်းဒေး ပွဲကောင်းကတော့ လီဗာပူး အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ အန်းဖီးကွင်းမှာ ထိပ်တိုက်တွေ့တဲ့ ပွဲ ဖြစ်ပါမယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။

ဘောလုံးပွဲ သုံးသပ် ဆရာကြီး တစ်ဆူ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က လီဗာပူး vs မန်ယူနိုက်တက် ပွဲ အတွက် သုံးသပ် ခန့်မှန်းချက်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

” ဘယ်လောက်တောင် အပြောင်းအလဲမြန်တဲ့ ဘောလုံးလောကကြီးလဲ။ ဒီပွဲမှာ ယူနိုက်တက် ရှုံးသွားရင် အံ့ဩစရာ ဖြစ်သွားလိမ့်မယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဒီလိုပွဲမျိုးမှာ ကျွန်တော်တို့ ဘယ်နှခေါက်များ ဒီလိုပြောနိုင်ခဲ့ပါသလဲ။

အခုလက်ရှိ ယူနိုက်တက်ရဲ့ ကစားပုံက တန်ပြန်တိုက်စစ်မှာ သိပ်ကောင်းတယ်။ သူတို့ရဲ့ ကစားသမားတွေက အမြဲတမ်းနီးပါး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေပဲ ချနေတာပါ။ ယူနိုက်တက်က လီဗာပူးတို့ ဖွင့်တိုက်လာမှာကို လိုချင်လိမ့်မယ်။ ဒါမှ သူတို့ကို တန်ပြန်တိုက်စစ်ဆင်လို့ရမှာလေ။

ကလော့ပ်ရဲ့အသင်းဟာ ဒီပွဲမှာ ယူနိုက်တက်ရဲ့ လက်တွင်းကို သက်ဆင်း သွားရနိုင်ပါတယ်။ ရက်ဖို့ဒ်ဟာ ဗီနီစီးယပ် လိုပဲ ထရန့်ကို ဖိအားတွေ အများကြီး ပေးပါလိမ့်မယ်။ လီဗာပူးကို နိုင်ရင် ယူနိုက်တက်တို့ရဲ့ ယုံကြည်မှုက မြင့်တက်သွားမှာ ဖြစ်ပြီး ဖလားပြိုင်ပွဲထဲမှာ ဆက်ရှိနေပါလိမ့်မယ်။

လီဗာပူးနိုင်ရင်တော့ ထိပ်ဆုံးလေးနေရာနဲ့ ပိုနီးစပ်လာမှာပါ။ ဆက်တိုက် နိုင်ပွဲ အနည်းငယ်ရရင် သူတို့အတွက် ကြီးမားတဲ့ အကူအညီ ရနိုင်ပါတယ်။

အဲရစ်တန်ဟက်ဟာ ကစားသမားတွေကို ဘယ်လိုကိုင်တွယ်ရမလဲ သေချာသိတယ်။ နည်းဗျူဟာပိုင်းမှာ သူ သိပ်တော်ပါတယ်။ ကာရာဘောင်းဖလား ဖိုင်နယ်မှာ သူ့ရဲ့ လူစားလဲမှုတွေက အဆုံးအဖြတ်ဖြစ်ခဲ့တာပါ။ ဒါဟာ ကလပ်တစ်ခုအနေနဲ့ သူတို့ရဲ့ စွမ်းရည်ကို အမြင့်ဆုံး ရရှိဖို့ နည်းပြကောင်းကို လိုအပ်တယ်ဆိုတာ ပြသနေတာပါ။

လီဗာပူးမှာတော့ ဆာလာဟာ စာချုပ်သစ် ချုပ်ပြီးနောက်ပိုင်း သိပ်မကောင်းတော့ပါဘူး။ မနှစ်က ရွှေဖိနပ်ဆုရှင်တွေဟာ ဒီရာသီမှာ ရုန်းကန်ခဲ့ရပါတယ်။ အသင်းတွေဟာ ဆာလာ မလှုပ်နိုင်အောင် အမြဲ ကြိုးစားခဲ့ပြီး အဲ့ဒါက သူ့အတွက် ဆိုးကျိုးဖြစ်စေပါတယ်။

ရာသီကုန်မှာ ဆာလာကို မရောင်းစေချင်ပါဘူး။ လီဗာပူးမှာ အစားထိုးစရာ လူသစ်မရှိသရွေ့ ဆာလာကို ရောင်းဖို့ မလိုပါဘူး။ ဒါပေမယ့် ကွင်းလယ်မှာတော့ ထွက်သွားရမယ့်လူတွေ အများကြီးရှိနေတယ်လို့ ထင်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ဘက်အားလုံးက နွေရာသီမှာ အင်အား ဖြည့်တင်းကြမှာဖြစ်ပြီး လီဗာပူးလည်း အမီလိုက်ဖို့ လိုလိမ့်မယ်။ လက်ရှိအသင်းက အရင်လို အလုပ်မဖြစ်တော့တာမို့ အသင်းကို အသစ် ပြန်လည်တည်ဆောက်ဖို့ လိုအပ်မှာပါ။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ကြီးရဲ့ ခန့်မှန်း ရလဒ်ကတော့ လီဗာပူး ၁-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။