မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေဟာ ဒီရာသီ ဖလားလေးလုံး အနိုင်ရရင် အပိုဆုကြေး အဖြစ် တစ်ယောက်ကို ပေါင် ၅သိန်း နီးပါး ရရှိမှာ ဖြစ်တယ်လို့ သတင်း ထွက်လာပါတယ်။

မားကပ် ရက်ဖို့ဒ်နဲ့ ကာဆီမီရိုတို့လို ကြယ်ပွင့်ကစားသမားတွေဟာ ကာရာဘောင်းဖလား ဖိုင်နယ်အောင်မြင်မှုအတွက် ဆုလာဘ်အနေနဲ့ ပေါင် ၆ သောင်းခွဲစီ ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလား အနိုင်ရရင် တစ်ယောက်ကို နောက်ထပ် အပိုဆု ပေါင်၈သောင်းခွဲစီ ရရှိဦးမှာပါ။

ယူနိုက်တက်ဟာ အက်ဖ်အေဖလားမှာ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိနေပြီး ယူရိုပါလိဂ်မှာလည်း ၁၆သင်း အဆင့်ကို ရောက်ရှိနေပါပြီ။

ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ ၁၁ မှတ် ကွာနေတာကို အမီလိုက်ပြီး ပရီးမီးယားလိဂ်ဖလား အနိုင်ရခဲ့မယ်ဆိုရင် အပိုဆုအနေနဲ့ တစ်ဦးကို ပေါင် ၂ သိန်းခွဲ ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆုကြေးက ဖလားရဖို့အတွက် သီးသန့် မဟုတ်ဘဲ ထိပ်ဆုံးလေးသင်းထဲ ဝင်ရုံနဲ့တင် ပေါင်၂သိန်းခွဲ ရကြဦးမှာ ဖြစ်ပါတယ်။

ဒီရာသီ အဓိက ဖလားလေးလုံးစလုံး အောင်မြင်ရင် ယူနိုက်တက် ကစားသမားတွေဟာ တစ်ဦးကို စုစုပေါင်း ရရှိမယ့် ဆုကြေး ပမာဏက ပေါင် ၄၈၅,၀၀ ဖြစ်သွားပါလိမ့်မယ်။

တန်ဟက် လက်အောက်မှာ ကာရာဘောင်း ဖလားတစ်လုံး ရယူထားပြီးဖြစ်တဲ့ ယူနိုက်တက်ဟာ ဒီရာသီမှာ ဖလား၃လုံး ရဖို့က လက်တွေ့ကျတဲ့ ဖြစ်နိုင်ခြေတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ ယူရိုပါလိဂ်ဖလား အတွက် ရေပန်းစားနေပြီး အက်ဖ်အေ ဖလားမှာလည်း မန်စီးတီးရဲ့နောက် ဒုတိယ နေရာက ရေပန်းစားနေတာပါ။

ဆုဖလား ၄ လုံး အိပ်မက်ကိစ္စအကြောင်းနဲ့ ပတ်သက်လို့ တန်ဟက်ကတော့ “ အဲ့လိုအကြောင်းတွေ ကျွန်တော်တို့ မပြောပါဘူး။ လီဗာပူးနဲ့ နောက်ပွဲအကြောင်းပဲ ပြောတယ်။ ဒါက အရေးပါတဲ့ ပွဲတစ်ပွဲပါ။ ပွဲကြီးပွဲကောင်းဖြစ်လို့ ဒီပွဲကို ကစားဖို့ တကယ်စိတ်လှုပ်ရှားနေပါတယ် ” လို့ ပြောကြားထားပါတယ်။