ဒီအပတ် စနေနေ့နဲ့ တနင်္ဂနွေနေ့မှာတော့ ဝင်ဘာလေကွင်းကြီးမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဒီ ဆီမီး ဖိုင်နယ်ပွဲတွေ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
မန်စီးတီး Vs ရှက်ဖီးယူနိုက်တက်
မန်စီးတီး က သမင်တကောင်ကို အမဲလိုက်နေတဲ့ တောရိုင်းသတ္တဝါတွေလိုပဲ။ ကြောက်မက်ဖွယ်ကောင်းပါတယ်။ ဒီပွဲကတော့ သူတို့ရဲ့ အရံခုံအင်အားကို စမ်းသပ်သွားမှာပါ။ အရံခုံမှာ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ အယ်ဗာရက်ဇ်၊ ဝေါ်ကာ၊ လာပေါ်တေးတို့လို ကစားသမားတွေ ဒီပွဲမှာ ပါဝင်နိုင်ပါတယ်။ ဒီပွဲအတွက် လူစာရင်း အပြောင်းအလဲလုပ်မှာ သေချာသလောက်ရှိပါတယ်။ အရင်အဆင့်မှာ စီးတီးနဲ့ ပြိုင်ဘက်တွေကြားက ကွာဟချက်ကို မြင်တွေ့ခဲ့ရတယ်။
ဘန်လေဟာ ရှက်ဖီးထက် အများပြီးပိုကောင်းတာတောင် စီးတီးကို ၆ဂိုးပြတ် ရှုံးခဲ့ပါတယ်။ ရှက်ဖီးဟာ ချန်ပီယံရှစ်ကို တန်းဆက်ခွင့် ရနိုင်ခဲ့ပေမယ့် ဒီပွဲကို နိုင်ဖို့တော့ မရှိပါဘူး။ အဝေးအသင်းအတွက် ခက်ခဲတဲ့စိန်ခေါ်မှုပါပဲ။ ဝင်ဘာလေ ကွင်းဟာ ကြီးပါတယ်။ ရှက်ဖီးအနေနဲ့ တတ်နိုင်သလောက် ခုခံကာကွယ်ရမှာဖြစ်ပြီး ဘယ်လိုနေနေ စီးတီးက နိုင်သင့်ပါတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ စီးတီး ၅-၀ ရှက်ဖီးယူနိုက်တက်
ဘရိုက်တန် Vs မန်ချက်စတာယူနိုက်တက်
ယူနိုက်တက်ရဲ့ ခံစစ်မှာ ဒဏ်ရာပြဿနာ အနည်းငယ်ရှိနေပြီး ဖာဂူဆန်၊ ဝဲဘက်တို့လို ကစားသမားတွေကို ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် ကွင်းလယ်ကို ပိုပြီး စိုးရိမ်ရပါမယ်။ ဘာလို့လဲဆိုတော့ ဘရိုက်တန်က ဘောလုံးပေးပို့မှုမှာ သိပ်ကို ထူးချွန်ပါတယ်။
ဖာဂူဆန်က ကစားသမားကောင်းတစ်ယောက်ဆိုပေမယ့် သူတို့က ဘောလုံးကို ကွင်းလယ်ဖြတ်ပြီး ကစားမယ့်အစား တောင်ပံက မီတိုမာဆီပေးဖို့ ကြိုးစားပါလိမ့်မယ်။ သူတို့တွေ ပြီးခဲ့တဲ့အပတ်က ချယ်ဆီးကို အပြတ်အသတ်နိုင်ခဲ့တယ်။ ဒါပေမယ့် အခန့်မသင့်ရင် ရှုံးသွားနိုင်ခြေရှိပါတယ်။ ဘရိုက်တန်က ဖွင့်ဆော့တယ်။ သူတို့ ဘောလုံးရထားရင် ယူနိုက်တက်က တားဆီးနိုင်ပေမယ့် ယူနိုက်တက် ဘောလုံးရထားရင် သူတို့ တားဆီးနိုင်ပါ့မလားဆိုတာ မသေချာပါဘူး။
ယူနိုက်တက်မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်။ ဒီအဆင့်ကို သူတို့ အကြိမ်များစွာ ရောက်ခဲ့ဖူးပါတယ်။ ဘရိုက်တန် ကတော့ တခါမှ မရောက်ခဲ့ဖူးဘူး။ ဒီပွဲကို ယူနိုက်တက်ရှုံးရင် အံ့ဩမိမှာပါ။ ဘရိုက်တန်ကို ဘက် မကန်ချင်ပေမယ့် ဒီတစ်ပတ်တော့ ယူနိုက်တက်ကို ထောက်ခံရပါလိမ့်မယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ ဘရိုက်တန် ၁-၂ မန်ချက်စတာ ယူနိုက်တက်