လီဗာပူးက စပါးအသင်းကို ၄-၃ ဖြင့် အနိုင်ရခဲ့တဲ့ စိတ်လှုပ်ရှားစရာ ပရီးမီးယားလိဂ်ပွဲမှာ ပရိသတ်တစ်ဦးက ဘောလုံးပွဲ မကြည့်ဘဲ ကွင်းထဲမှာ ဖုန်းနဲ့ ဂိမ်းထိုင်ဆော့နေခဲ့တာမို့ လီဗာပူးပရိသတ်တွေကြား အတော်လေး ပွက်လောရိုက်ခဲ့ပါတယ်။
အန်ဖီးပွဲကြည့်စင်ရဲ့ အပေါ်ဘက်ပိုင်းမှာ ထိုင်နေတဲ့ ပရိသတ်တစ်ဦးဟာ ကွင်းထဲက ကစားမှုကို အားပေးရမယ့်အစား ဂိမ်းထိုင်ဆော့နေခဲ့တာပါ။ အဖွင့် ၁၅ မိနစ်မှာတင် ၃ ဂိုးရခဲ့သလို ဒုတိယပိုင်းမှာ စပါးတို့ ပြန်လာနိုင်ခဲ့တဲ့ အဆိုပါပွဲဟာ ဂိမ်းထိုင်ဆော့နေရအောင် ပျင်းရိစရာ ပွဲတစ်ပွဲ မဟုတ်ခဲ့ပါဘူး။
လီဗာပူးပရိသတ် တစ်ဦးက အဆိုပါပုံကို ရိုက်မိခဲ့ရာကနေ တွစ်တာမှာ တင်ခဲ့တာဖြစ်ပြီး ဂိမ်းနှိပ်နေတဲ့ ပရိသတ်ဟာ ဘယ်အသင်း ပရိသတ်မှန်း မသိပေမယ့် လီဗာပူး ပရိသတ်ဖြစ်မယ်လို့ ယူဆရပါတယ်။
များစွာသော ပရိသတ်တွေဟာ အန်ဖီးကွင်းထဲ ဝင်ကြည့်ခွင့်အတွက် လက်မှတ်ရဖို့ ခက်ခဲစွာ ကြိုးစားနေရချိန် အဆိုပါပရိသတ်က ဘောလုံးပွဲ မကြည့်ဘဲ ဂိမ်းထိုင်နှိပ်နေတာဟာ လက်မှတ်ခက်ခဲလှတဲ့ အမာခံပရိသတ်တွေကို စိတ်ဆိုးစေခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်အတွက် လီဗာပူးပရိသတ်တွေက တစ်ဦးက ” ဘောလုံးပွဲ ယှဉ်ပြိုင်နေတာကို ဖုန်းနဲ့ ဂိမ်းပဲ နှိပ်နေမယ်ဆိုရင် ဘာလို့များ ကွင်းထဲဝင်လာနေသေးတာလဲ? ကင်မရာသမားကကော ဘောလုံးပွဲ မကြည့်ပါဘဲ ဘာလို့ သူများ ဘာလုပ်နေလဲပဲ လိုက်ရိုက်နေတာလဲ? ” လို့ ဆိုခဲ့တယ်။
အခြားတစ်ဦးက ” ဒီလိုကိစ္စတွေကြောင့် ငါ့ရဲ့ တစ်ရာသီစာ လက်မှတ်ကို ပြန်ယူခဲ့တာပဲ။ မဟုတ်ရင် တိုးရစ်တွေကို လက်မှတ်ခွဲတမ်း တိုးပေးပြီး တကယ့် ပရိသတ် အစစ်တွေက ကွင်းထဲ ဝင်လို့မရတော့ဘူး ဖြစ်သွားမယ်။ ” ဆိုကာ စိတ်ပျက်စကား ပြောခဲ့ပြီး
နောက်တစ်ဦးကတော့ ” ငါတော့ ဒီမြင်ကွင်းကို သိပ်စိတ်ဆိုးမိတယ်။ အကယ်လို့ သူ့နေရာမှာ ငါသာဆိုရင် ရင်ဘတ်ကြီး ကွဲမတတ် အော်ဟစ် အားပေးနေမိမှာပဲ။ ” လို့ နှမြောစကား ဆိုခဲ့ပါတယ်။
တချို့ကတော့ အမာခံ ပရိသတ်တွေအတွက် စိတ်ပျက်နေတာပါ ” တကယ့် ဟာသပါကွာ။ ထောင်ပေါင်းများစွာသော လီဗာပူးပရိသတ်တွေမှာ ကွင်းထဲ ဝင်ခွင့် လက်မှတ်ရဖို့ ခက်ခဲနေချိန် ဒီလိုပရိသတ်က ကွင်းထဲ ရှိနေတယ်တဲ့လား။ ”
ဟာသအမြင်နဲ့ကြည့်သူ တဦးကလည်း ” သူက စပါးပရိသတ်လည်း ဖြစ်နေရင် ဖြစ်နေမှာပေါ့။ သူတို့အသင်း ၃ ဂိုးပြတ် ရှုံးနေလို့ စိတ်ပျက်ပျက်နဲ့ ဂိမ်းထိုင်နေတာ မဖြစ်နိုင်ဘူးလား ” စသဖြင့် တုန့်ပြန်ခဲ့ကြပါတယ်။