မန်ချက်စတာ ယူနိက်တက် ကစားသမားဟောင်း ပက်ထရစ် အီဗရာက နည်းပြတန်ဟက်ဟာ သူ့ရဲ့ ကြယ်ပွင့် အသင်းသား အန်တိုနီကို စီ ရော်နယ်ဒိုလို ပြောင်းလဲလာအောင် ပြုလုပ်ပေးဖို့ လိုအပ်မယ့်အကြောင်း မှတ်ချက်ပေးလာခဲ့ပါတယ်။
ရော်နယ်ဒို ကလည်း ကစားသမားဘဝ အစောပိုင်းမှာ ယခု အန်တိုနီနဲ့ အလားတူ ဝေဖန်မှုတွေ ခံခဲ့ရဖူးပါတယ်။ တချိန်တုန်းက ရော်နယ်ဒိုဟာ ပွဲကြီးမတိုးတဲ့ တိုက်စစ်မှုး ဘဝ ရှိခဲ့သေးပြီး ဆာအဲလက်စ် ဖာဂူဆန်ကြောင့်သာ ပြောင်းလဲလာတာ ဖြစ်တယ်လို့ အီဗရာက ထုတ်ဖော် ပြောဆိုလာပါတယ်။
ယူနိုက်တက် ဂန္တဝင်နည်းပြကြီးထံကနေ သိပ်ကို မာကျောပြင်းထန်တဲ့ စကားတချို့ဟာ ရော်နာ်ဒိုရဲ့ ကစားသမားဘဝကို ပြောင်းလဲစေခဲ့ကာ သမိုင်းတလျှောက် ဂိုးသွင်း အကောင်းဆုံး တိုက်စစ်သမား တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။
“ ဆာအဲလက်စ်ဖာဂူဆန်က ရော်နယ်ဒိုရဲ့ ကစားသမားဘဝအပေါ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှု ရှိခဲ့တာပါ။ သူ့ကစားသမား ဘဝမှာ အဆင့်တွေ အများကြီး ရှိခဲ့တယ်။ သူ စတင်တဲ့ အချိန်တုန်းက YouTube ကစားသမားတစ်ယောက်လိုပဲ စကေးတွေပဲ အရမ်းပြချင်နေတာ။
ကျွန်တော်တော့ အဲ့လိုခံစားခဲ့ရတာပဲ။ ဖာဂူဆန် သူ့ကို ပညာပေးလိုက်တဲ့ တကြိမ်ကို မှတ်မိသေးတယ်။ ချယ်ဆီးနဲ့ ကစားခဲ့တဲ့ ပွဲတစ်ပွဲမှာ သူက ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူးလေ။ ဖာဂူဆန်က သူ့ကိုပြောတယ်။ ‘ဘော်လ်တန်၊ ဘလက်ဘန်းတို့ကို ဟက်ထရစ် သွင်းရတာ လွယ်တယ်၊ ဒါပေမယ့် ပွဲကြီးတွေကျတော့ ဘာလုပ်နိုင်လို့လဲ’တဲ့။
အဲ့ဒါက ပြင်းထန်ရက်စက်တဲ့ ကြိမ်းမောင်းစကားပဲ။ အဲ့နောက်ပိုင်း ချက်ချင်းဆိုသလို ခရစ္စတီယာနိုက ပွဲကြီးတွေမှာ ဂိုးစသွင်းလာတာ။ သူက မတူညီတဲ့ နောက်ထပ် ကစားသမားတစ်ယောက်လို ဖြစ်သွားတော့တာပဲ ” လို့ အီဗရာက ပြောပြခဲ့ပါတယ်။
တန်ဟက်ကတော့ အန်တိုနီ ပတ်သက်ပြီး “ သူက စိတ်ဓာတ်အရမ်းပြင်းထန်ပြီး ရည်မှန်းချက် ကြီးမားတယ်။ သိပ်ပြီး အလွန်အကျူး မဖြစ်စေနဲ့။ ကိုယ် လုပ်စရာ ရှိတာ လုပ်ပြီး ပွဲအပေါ်မှာ အာရုံစိုက်ထားပါ။ ဒါကိုလုပ်နိုင်ရင် သူက သိပ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပဲ။ သူ တိုးတက်လာတာ အားလုံးအမြင်ပဲ ထင်ပါတယ် ” လို့ ကာကွယ်ေ ပြောဆိုနေပါတယ်။