မန်ချက်စတာစီးတီးအသင်းကတော့ မနေ့ညက အီတီဟက်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ အဖြစ် ဥရောပ ဘုရင်ကြီး ရီးရဲလ်မက်ဒရစ် ကို ဧည့်ခံခဲ့ရာ ၄-၀ ထိ ဂိုးပြတ်သွားခဲ့ပြီး အံ့ဖွယ် နိုင်ပွဲကောင်းနဲ့ အတူ ဗိုလ်လုပွဲ တက်ရောက် သွားခဲ့ပါတယ်။
ချန်ပီယံလိဂ် မှာ ၁၄ ကြိမ်ထိ ဗိုလ်စွဲထားပြီး ကိုယ်ပိုင် ပြိုင်ပွဲ တစ်ခုလိုတောင် ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ် အတွက်တော့ ဒီလောက် ဂိုးပြတ် ရှုံးသွားတာက အံ့အားသင့်စရာ ဖြစ်ခဲ့မှာပါ။
မန်စီးတီးတို့ကတော့ ပြီးခဲ့တဲ့ရာသီက ဘာနေဗျူးက ရှုံးပွဲကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ ခါးသီး နာကျင်မှုကို မမေ့သေးဘဲ နာကျင်ကြေကွဲရမှုတွေ ကနေ မန်စီးတီး အသင်းသားတွေ ပြန် အားယူ ပေါက်ကွဲခဲ့ကြောင်း ဖွင့်ဟလာပါတယ်။
” ပြီးခဲ့တဲ့ ရက်တွေ အတွင်း ကျနော် ဖီလင်တစ်မျိုး ရနေတယ်။ ကျနော်တို့က တည်ငြိမ်ပြီး ဒီလို ပွဲမျိုး ကစားဖို့ စိတ်အား ထက်သန်နေကြတယ်။ ပြီးခဲ့တဲ့နှစ်က အသည်းကွဲခဲ့ရတာတွေကို ဒီနေ့ထိ သယ်ဆောင်လာခဲ့တယ်။ ကျနေ်ာတို့ ရှုံးသွားခဲ့ပုံက အတော် ခက်ခဲခဲ့တာပါ။
ဒီ ခါးသီးမှုကြီးတွေကို မြိုချပြီး ဒီ နိုင်ပွဲကို လိုချင်တယ်လို့ ပြသနိုင်ခဲ့တယ်။ ဒီ ခွန်အားက ဒီညပွဲမှာ တကယ် ရှိခဲ့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်တည်းက စွမ်းအားတွေပါ။ ဒီအသင်းက အရမ်း ပုံစံကျတယ်။ ကျနော် သိပ်ကို ဂုဏ်ယူမိပါတယ်။ သူတို့က ပြိုင်ပွဲတိုင်းကို တကယ် အလေးအနက်ထား ပြိုင်ခဲ့တာပါ။
ဒီနေ့ သူတို့ရဲ့ ဆုလာဘ်ကို အရ ယူနိုင်ခဲ့ပါပြီ။ ဘဝ ဆိုတာက ဒုတိယ အကြိမ် အခွင့်အရေး ဆိုတာ အမြဲ ထပ် ထပ်ပေးပါတယ်။ ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။
မန်စီးတီးဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် အင်တာမီလန်နဲ့ တွေ့ဆုံပြီ ဖြစ်ပြီး ဖိုင်နယ်က ဇွန်လ ၁ဝ ရက်နေ့မှာ ယှဉ်ပြိုင် ရမှာပါ။ ဒါဟာ ၃ နှစ် အတွင်း မန်စီးတီးတို့ ဒုတိယအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်တာလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ ဒီသီတင်းပတ် အနည်းငယ် အတွင်း အသင်းရဲ့ သမိုင်းဝင် အောင်ပွဲနေ့ရက်တွေ အတွင်း ဦးတည်နေပါတယ်။ ဂွာဒီယိုလာနဲ့ စီးတီး အသင်းသားတွေဟာ ဆုဖလား ၃ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပြီး လာမယ့် တနင်္ဂနွေနေ့ ချယ်ဆီးနဲ့ ပွဲမှာ ပရီးမီးယားလိဂ် ဖလား ရယူသွားနိုင်ခြေလည်း ရှိနေပါပြီ။