ဒီ နွေဈေးကွက်မှာ ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ရနိုင်တဲ့ တကယ့် ကစားသမားကောင်း ၅ ဦး ရှိနေပြီး ၎င်းတို့က အောက်ပါအတိုင်း ဖြစ်ကြပါတယ်။
၁) ချိန်ဘာလိန်
လီဗာပူးကနေ အလွတ်ဖြင့် ထွက်ခွာလာတဲ့ ချိန်ဘာလိန်ဟာ အရွယ်ကောင်းမှာပဲ ရှိနေသေးသူပါ။ သူ့ရဲ့ အင်ပြည့်အားပြည့် ကစားနိုင်စွမ်း၊ တောင်ပံနဲ့ ကွင်းလယ်မှာ ကစားနိုင်စွမ်းတွေနဲ့ အဝေးကန်နိုင်စွမ်းတွေအရ သူ့ကို ခေါ်ယူတဲ့ ကလပ်တွေအတွက် အတော်လေး အကျိုးဖြစ်မှာပါ။ ဒါပေမယ့်လို့ ချိန်ဘာလိန်ရဲ့ ကြံ့ခိုင်မှုက အသင်းတွေကို တွန့်ဆုတ်စေပါလိမ့်မယ်။
၂) ဇာဟာ
ပရီးမီးယားလိဂ်ရဲ့ စိတ်လှုပ်ရှားစရာ တိုက်စစ်သမားဟာ ပဲလေစ့်ကနေ အလွတ်ဖြင့် ထွက်ခွင့်ရထားသူဖြစ်ပါတယ်။ အသက် ၃၀ အရွယ် သူ့ကို ခေါ်ယူရေး နာပိုလီနဲ့ ပီအက်စ်ဂျီတို့ဘက်က ကမ်းလှမ်းထားသလို လာဇီယို၊ ဖီနာဘာချီနဲ့တကွ ဆော်ဒီဘက်ကလည်း အလိုရှိနေတာမို့ မကြာခင်မှာ အသင်းသစ်ရဖွယ် ရှိနေပါတယ်။
၃) အစ္စကို
ကောင်းမွန်တဲ့ ကစားသမားဘဝ ရှိခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ ပုံစံကောင်းကျဆင်းမှုတွေ ရှိထားပါတယ်။ ရီးရဲလ် မက်ဒရစ်ကနေ ထွက်ပြီးနောက် မနှစ်ကနွေမှာ ဆီးဗီးလာအသင်းထံ ကူးပြောင်းခဲ့ပေမယ့် ဒီဇင်ဘာမှာ စာချုပ် ဖျက်သိမ်းခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ရှိနေပြီဖြစ်ကာ မှန်ကန်တဲ့အသင်း ရခဲ့မယ်ဆိုရင် အကောင်းဆုံး စွမ်းဆောင်ပြနိုင်ဆဲပါ။
၄) ရာမိုစ့်
ရီးရဲလ်မက်ဒရစ် ဟီးရိုးဟောင်းဟာ ပီအက်စ်ဂျီမှာ ၂ နှစ်တာ ကာလကို ခပ်မြန်မြန်ပဲ ကုန်ဆုံးခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ ချန်ပီယံဟောင်းဟာ အမြဲတမ်း ပွဲထွက်လူစာရင်းအတွက် အဆင်မပြေတော့ပေမယ့် ကလပ်တွေအတွက် အကျိုးဖြစ်နိုင်နေဆဲပါပဲ။
၅) ဒီဂီယာ
ယူနိုက်တက်ကနေ အလွတ်ဖြင့် ထွက်ခွာခဲ့ပြီဖြစ်တဲ့ ဒီဂီယာဟာ ဘယ်ကလပ်နဲ့မဆို လက်မှတ်ထိုးနိုင်ပါတယ်။ အသက် ၃၂ နှစ်ပဲ ရှိသေးတာမို့ ဂိုးသမားတစ်ယောက် အနေနဲ့ဆိုရင် အကောင်းဆုံး အသက်အရွယ်မှာပဲ ရှိပါသေးတယ်။ သူ့ကို ပရီးမီးယားလိဂ်ထံ အခြားသော လိဂ်မှာပဲ မြင်ရဖွယ် ရှိပါတယ်။