ချယ်ဆီး တိုက်စစ်သမားဟောင်း ပက်နီဗင်က အာဆင်နယ် လက်တလော ခေါ်ယူလိုက်တဲ့ တိုက်စစ် ကြယ်ပွင့် တစ်ဦးအား လက်ရှိ မျိုးဆက်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ညွှန်းဆို ချီးကျူးလာပါတယ်။

ဒီနွေမှာ စတမ်းဖိုဒ့်ဘရစ်ချ်ကနေ အမ်းမရိတ်ကို ပေါင် ၆၅ သန်းဖြင့် ပြောင်းရွှေ့သွားတဲ့ ကိုင်ဟာဗက်အား နီဗင်က ချီးကျူးခဲ့ခြင်း ဖြစ်ပါတယ်။ ဘွန်ဒက်လီဂါကနေ ကူးပြောင်းလာပြီးတဲ့နောက် ချယ်ဆီးမှာ ၃ ရာသီ ကျင်လည်ခဲ့တဲ့ ဟာဗက်ဟာ ၂၀၂၁ ချန်ပီယံလိဂ် ဖိုင်နယ်မှာ အနိုင်ဂိုး သွင်းယူခဲ့သူပါ။

ဒီနွေမှာ ကန်တေ၊ မောင့်၊ ကိုဗာဆစ်၊ ကူလီဘာလေ၊ မန်ဒီတို့နည်းတူ ချယ်ဆီးကနေ ဟာဗက် ထွက်သွားတာကို မြင်ရတာဟာ သိပ်နာကျင်ရတယ်လို့ နီဗင်က ပြောပါတယ်။

ပက်နီဗင်က ‘ ဟာဗက်ဟာ သူ့မျိုးဆက်ရဲ့ အကောင်းဆုံးတွေထဲက တစ်ဦး ဖြစ်နေဆဲပါ။ သူဟာ ချယ်ဆီးအသင်း မှာတော့ သူအကောင်းဆုံး နေရာ မဟုတ်တဲ့ အထောင်တိုက်စစ် နေရာကနေ ကစားပေးခဲ့ရပါတယ်။ အဲ့ဒီမှာ ကစားတာကြောင့် သူ အကောင်းဆုံး မလုပ်ပြနိုင်ပါဘူး။

အာတီတာက အာဆင်နယ်မှာ သူ့ရဲ့ အကောင်းဆုံးတွေကို ဖော်ထုတ်နိုင်မှာ သေချာပါတယ်။ ကျနော် ယုံကြည်ချက် ရှိပါတယ်။ အာဆင်နယ်က နောက်ရာသီ သိပ်ကောင်းလာတော့မှာပါ။ ရှာကာနေရာမှာ အစားထိုးနိုင်တာကလည်း ကြီးမားတဲ့ ကွင်းလယ် အဆင့်မြင့်တင်မှုပါ။

ချန်ပီယံလိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားမှာ ဟာဗက် ဂိုးသွင်းနိုင်ခဲ့ပေမယ့် သူ့ထံက အကောင်းဆုံးတွေ မမြင်ရသေးပါဘူး။ အာဆင်နယ်က သိပ်ကောင်းတဲ့ ကစားသမားကို ရသွားခဲ့တာပါ။ ဟာဗက်ကို လက်မှတ်ထိုးနိုင်ဖို့ အာဆင်နယ်ဘက်က အကောင်းဆုံး ကမ်းလှမ်းမှု လုပ်နိုင်ခဲ့ပါတယ်။ ’ လို့ ထောက်ခံသွားခဲ့တယ်။

မနှစ်ကရာသီ ချယ်ဆီးအတွက် ၄၇ ပွဲ ကစားခဲ့တဲ့ ကိုင်ဟာဗက်ဟာ သွင်းဂိုး ၉ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။