အင်တာမီလန် အသင်းဟာ ပြည်တွင်းပြိုင်ဘက် ဂျူဗင်တပ်အသင်းထံ ပြောင်းဖို့ စိတ်ပါဟန် ပြသနေတဲ့ ချယ်ဆီး တိုက်စစ်မှုး လူကာကူ ကို စိတ်ပျက်သွားခဲ့ပြီး အခြား တိုက်စစ်မှုး ပစ်မှတ်ကို ပြောင်းလဲ ချိန်ရွယ်လာပြီ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုကတော့ အင်တာမီလန် ဟာ လူကာကူ ကို ခေါ်ယူရေး နောက်ဆုတ်သွားပြီး ဂန်းနား တိုက်စစ်မှုးလေးကို ခေါ်ဖို့ ပြောင်းလဲ ပစ်မှတ်ထားနေကြောင်း ဖော်ထုတ်လာပါတယ်။

” အင်တာမီလန်က လာမယ့်အပတ် အစောပိုင်းမှာပဲ ဖိုလာရင် ဘာလိုဂန်နဲ့ ပတ်သတ်ပြီး အခြေအနေတွေကို မေးမြန်းပါတော့မယ်။ ဘာလိုဂန်ကလည်း အသင်းပြောင်းဖို့ လမ်းဖွင့်ထားတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ ပြောင်းရွှေ့ကြေးကြီး တောင်းဆိုမယ် ထင်တယ်။

လူကာကူ ကိစ္စ ပျက်သွားပြီးတဲ့နောက် အင်တာရဲ့ ပစ်မှတ် စာရင်းထဲမှာ ဘာလိုဂန် ပါလာတယ်။ ဒါပေမယ့် အန်ဇိုလာနဲ့ ဆက်စ်ကို တို့ ပစ်မှတ် စာရင်းမှာ မပါဝင်ပါဘူး။ ” လို့ ရိုမန်နိုက ဖော်ထုတ် ရှင်းလင်းလာပါတယ်။

လူကာကူ ဟာ သူ အငှားကစားခဲ့တဲ့ ကလပ် အင်တာမီလန် အသင်းထံ အပြီး ပြောင်းရွှေ့မယ် ထင်ခဲ့ပေမယ့် ဘယ်လ်ဂျီယံသားဟာ ဂျူဗင်တပ်ကိုလည်း စိတ်ပါဟန် ပြသခဲ့တာပါ။

အင်တာ ပြောင်းလဲ ချိန်ရွယ်လာတဲ့ ဘာလိုဂန်ဟာ ပြီးခဲ့တဲ့ရာသီက ပြင်သစ်ကလပ် Reims မှာ အငှား သွားရောက် ကစား ခြေစွမ်းပြပြီး ၂၁ ဂိုးထိ သွင်းယူထားပါတယ်။