မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး အခြေအနေ တိုးတက်မှု ရှိနေတယ်လို့ နည်းပြတန်ဟက်က သတင်းကောင်း ပေးလာပါတယ်။
ဒီနွေမှာ အသုံးစရိတ် ပေါင် သန်း ၁၂၀ ရထားတဲ့ နည်းပြတန်ဟက်ဟာ မေဆန်မောင့်နဲ့ အိုနာနာတို့ကို ခေါ်ယူ ထားပြီးနောက် အတ္တလန်တာ တိုက်စစ်မှူး ဟွိုင်လန်းအတွက် ကြိုးစားနေပြီ ဖြစ်ပါတယ်။ ဒိန်းမတ်သားကလည်း ယူနိုက်တက်ကို ပြောင်းလိုပေမယ့် သူ့အတွက် ပြောင်းရွှေ့ကြေးက နှစ်သင်းကြား စကားပြောရမှုတွေ ဖြစ်နေစေတာပါ။
အတ္တလန်တာဘက်က ပေါင် ၈၆ သန်း တောင်းထားတဲ့ ဟွိုင်လန်းကို ယူနိုက်တက်ဘက်က ပေါင် သန်း ၆၀ ထက် ပိုပေးမှာ မဟုတ်ပေမယ့် ကလပ်ဘက်က အပြောင်းအရွှေ့ ဖြစ်မြောက်ရေး ကြိုးစားနေပြီ ဖြစ်ပါတယ်။
တိုက်စစ်မှူး ခေါ်ယူဖို့ ကြိုးစားနေခြင်းအပေါ် နည်းပြတန်ဟက်ကပဲ ‘ ကျနော်တို့ တိုးတက်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့တွေ ဘယ်လို အလုပ်လုပ်လဲ ခင်ဗျားတို့ သိနေတာပဲ။ ကျနော်တို့ ကစားသမား ရလိုက်ရင် ခင်ဗျားတို့ကို ချက်ချင်းပဲ တိုက်ရိုက် ပြောပြမှာပါ။
ကျနော် ပြောပြနိုင်တာ တစ်ခုကတော့ ကျနော်တို့ ကိုယ်မှာရှိတဲ့ အစွမ်းတွေနဲ့အတူ အစွမ်းကုန် ကြိုးစားနေပါတယ်။ ကျနော်ကတော့ ဖြစ်နိုင်သလောက် အမြန်ဆုံး ရချင်ပါတယ်။ လူစာရင်းထဲ ခပ်စောစောရထားတော့ ကျနော်တို့ ကစားပေါက်ထဲ ပေါင်းစပ်လို့ရတာပေါ့။ ’ လို့ ပြောပြသွားပါတယ်။