မန်ချက်စတာ စီးတီး အသင်း နည်းပြ ပက် ဂွာဒီယိုလာက ဆော်ဒီပရိုလိဂ်ဟာ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ဘောလုံးလောကအတွက် ခြိမ်းခြောက်မှု ဖြစ်လာနေကြောင်း ထုတ်ဖော် သတိပေးလာပါတယ်။
ဆော်ဒီကလပ် Al-Ahli အသင်းဟာ မာရက်ဇ်အတွက် မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ပေးခဲ့ပြီး ကစားသမားကို တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀၀ ထိပေးဖို့ သဘောတူညီချက်နဲ့ ခေါ်ယူသွားခဲ့ပါပြီ။
ဆော်ဒီလိဂ် ထိပ်တန်း အသင်း ၄ သင်းရဲ့ ရှယ်ယာ ၇၅% ထိကို ဆော်ဒီအာဏာပိုင်တွေ ပိုင်ဆိုင်ထားတာပါ။ ၎င်းတို့က ဘီလျံနဲ့ချီတဲ့ အသုံးစရိတ်ကို လျာထားကာ အနာဂတ်မှာလည်း များပြားတဲ့ လုပ်ခတွေဖြင့် ထိပ်တန်း ကစားသမားတွေကို ဥရောပကနေ ဆွဲထုတ်ဦးမှာ ဖြစ်ပါတယ်။
ဆော်ဒီရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက ‘ မာရက်ဇ်က မယုံနိုင်လောက်တဲ့ ကမ်းလှမ်းမှုကြီးကို ရသွားခဲ့တာပါ။ ဒါကြောင့်ပဲ သူ့ကို အသင်းမပြောင်းပါနဲ့လို့ ကျနော်တို့ မတားနိုင်ခဲ့တာပေါ့။ ကျနော်တို့ကတော့ သူ့ကို အသင်းမှာ ဆက်ထိန်းလိုခဲ့တာ ဖြစ်ပါတယ်။
အရင်လတွေတုန်းက ရော်နယ်ဒို တစ်ဦးပဲ ဆော်ဒီလိဂ်ကို ပြောင်းခဲ့ချိန်မှာ ဘယ်သူကမှ ဒီလောက် ကြယ်ပွင့်တွေ အများကြီး အဲ့ကို ပြောင်းကြမယ် မထင်ခဲ့ဘူး။ အနာဂတ်မှာ ပိုများတဲ့ ကြယ်ပွင့်တွေ ဆော်ဒီလိဂ်ထံ ပြောင်းကြပါလိမ့်မယ်။ ကလပ်တွေ အနေနဲ့ ဒီအခြေအနေကို သတိပြုမိဖို့ လိုပါတယ်။
ဆော်ဒီက ခြိမ်းခြောက်လာနိုင်မှာ မဟုတ်ဘူး တကယ်ကို ခြိမ်းခြောက်လာနေတာပါ။ သူတို့က တောင့်တင်းတဲ့ လိဂ်တစ်ခုကို ဖန်တီးလိုနေတယ်၊ အဲ့လို လုပ်နိုင်မယ့် လိဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က အခြားသော လိဂ်တွေထက် အဖွဲ့အစည်းတွေ ပိုကောင်းပြီး ရုပ်သံလွင့်ခ ပိုရလို့ ငွေပိုသုံးနိုင်တာပါ။
ဆော်ဒီလိဂ်က ဘယ်လောက်ကြာကြာ ဒီလောက် ငွေသုံးမလဲ မသိဘူး။ ဒါပေမယ့် ကစားသမားတွေက အဲ့ကို ပြောင်းရွှေ့ ကစားလိုနေကြတယ်။ ဆော်ဒီလိဂ်က ဈေးကွက်ကို ပြောင်းလဲလာစေပါတယ် ’ လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ စီးတီးဟာလည်း ဓန အင်အား တောင့်တင်းတဲ့ အသင်း ဖြစ်ပေမယ့် ဥရောပမှာက ဘဏ္ဍာရေး စည်းမျဉ်း ကန့်သတ်ချက်တွေနဲ့ ကလပ်အသင်းတွေကြား ဟန်ချက်ညီအောင် ထိန်းထားတာကြောင့် ဆော်ဒီကလပ်တွေလိုထိ အထိန်းအကွပ်မဲ့ ငွေသုံးနိုင်ခြင်း မရှိပါဘူး။