မန်ချက်စတာ ယူနိုက်တက်ဟာ ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်တဲ့ Adidas နဲ့ ကာလရှည် ဆက်လက် လက်တွဲသွားဖို့ ပရီးမီးယားလိဂ် စံချိန်တင် စာချုပ်သစ် တစ်ရပ် လက်မှတ်ထိုးခဲ့ပြီ ဖြစ်ပါတယ်။

စာချုပ်ကိစ္စ အသေးစိတ် တရားဝင် ဖော်ပြခြင်း မရှိပေမယ့် ယူနိုက်တက်နဲ့ Adidas တို့ဟာ နောက်ထပ် ၁၀ နှစ် သက်တမ်းတိုးခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ရာသီကို ပေါင် သန်း ၉၀ နှုန်းဖြင့် ပေါင် သန်း ၉၀၀ တန်ကြေးရှိမှာဖြစ်ကာ ဒါဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အကြီးမားဆုံးသော စပွန်ဆာ တစ်ခုပဲ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ Adidas တို့ လက်တွဲလာခဲ့တာဟာ ၂၃ နှစ် သက်တမ်းရှိနေပြီဖြစ်ပြီး ဒီနွေမှာတော့ အမျိုးသား ဝတ်ကော အမျိုးသမီးဝတ် ဂျာစီတွေကိုပါ စံချိန်တင် ရောင်းချထားနိုင်ပါတယ်။

‘ မန်ချက်စတာ ယူနိုက်တက်နဲ့ adidas ကြား ဆက်ဆံရေးဟာ ဘောလုံးလောကရဲ့ အထင်ကရ တွဲဘက်တစ်ခုပါ။ ၁၉၈၀ ကနေစပြီး ကျနော်တို့ကြား လက်တွဲမှုဟာဆိုရင် ဆယ်စုနှစ်ကြာအောင် အောင်မြင်တဲ့ ဒီဇိုင်းတွေ၊ အားကစားဝတ်စုံအတွင်း နည်းပညာမြင့် ပေါင်းစပ်မှုတွေ ရှိခဲ့ပါတယ်။

ဒီအားကောင်းတဲ့ ပါတနာ ဆက်ဆံရေးကို ဒီဆယ်စုနှစ်အကုန် ၂၀၃၀ ခုနှစ်ထိ ဆွဲဆန့်သွားမယ့်အပေါ် ကျနော်တို့ အာရုံစိုက်နေပါတယ် ’ လို့ ယူနိုက်တက် စီအီးအို ရစ်ချက်အာနိုးက ထုတ်ပြောခဲ့တယ်။

Adidas ရဲ့ စီအီးအိုကလည်း မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၃၀ ခုနှစ်ထိ လက်တွဲနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူကြောင်းနဲ့ ဘောလုံးကမ္ဘာရဲ့ အထင်ကရ အသင်းကို အားပေးကြတဲ့ ပရိသတ်အတွက်ကော ကစားသမားတွေအတွက်ပါ စိတ်ကျေနပ်မှုရအောင် ကြိုးစားပေးမှာပါလို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။