လီဗာပူးအသင်းဟာ ကွင်းလယ်ကို အင်အားဖြည့်ဖို့ရာ ဘရာဇီးကလပ် ဖလူမီနက်စ်အသင်းမှ အန်ဒရီကို စတင် ချိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ်အရွယ် အန်ဒရီက ကွင်းလယ် နေရာအချို့မှာ ကစားနိုင်ကာ ကွင်းလယ်အဖျက်ကို အားသန်တဲ့ လာဗီယာနဲ့ အတော်လေး ကွဲပြားတဲ့ ကစားဟန်မျိုး ရှိထားပါတယ်။ လီဗာပူးဘက်က ယူရို ၂၅ သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်ကာ ထပ်တိုးကြေးတွေ ပါနိုင်ပါတယ်။
အန်ဒရီက ဒီနွေမှာတင် လီဗာပူးထံ ပြောင်းလာဖို့ အဆင်ပြေပေမယ့် ဖလူမီနက်စ် အသင်းကတော့ ဇန်နဝါရီစျေးကွက်မှ ကစားသမားကို ထွက်ခွင့်ပေးလိုပါတယ်။ ကစားသမားရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျောမန်ဒက်စ်က လီဗာပူးနဲ့ ဖလူမီနက်စ်ကြား အဆင်ပြေဖို့ ကြားဝင် ချိတ်ဆက်ပေးနေပါတယ်။
ကွင်းလယ်လူ အန်ဒရီအတွက် ကြိုးစားနေခြင်းဟာ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ ထွက်ခွာသွားတဲ့နောက် အင်အားနည်းပါးနေတဲ့ ကွင်းလယ်အဖျက် နေရာအတွက် လီဗာပူးအသင်း ရည်ရွယ်လာခြင်းဖြစ်ပါတယ်။ အန်ဒရီဟာ ကွင်းလယ် နှစ်ဦးတန်း နေရာမှာလည်း ကစားနိုင်ပါတယ်။
လီဗာပူးအသင်းဟာ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာအတွက် ပေါင် ၄၁ သန်းဖြင့် ဒုတိယမြောက် ကမ်းလှမ်းမှု ပေးထားခဲ့သလို ဘရာဇီး ကွင်းလယ်လူ အန်ဒရီအတွက်လည်း အားထုတ်လာနေတာ ဖြစ်ပါတယ်။