ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် အားထုတ်မယ်လို့ ပြောနိုင်တာ တစ်သင်းတည်း ရှိပါတယ်လို့ ယာဂင် ကလော့ပ်ရဲ့ ပြောဆိုခဲ့တဲ့ အပေါ် နည်းပြ အာတီတာက တုန့်ပြန်မှု လုပ်လာခဲ့ပါတယ်။
ကလော့ပ်ကတော့ ထိပ်သီးအသင်းတွေဟာ ချန်ပီယံလိဂ်ဝင်ခွင့် သေချာဖို့ကို အရင်ဆုံး အားစိုက်ရမှာဖြစ်ကြောင်း ပြောဆိုလာတယ်။ မနှစ်ကရာသီမှာ လီဗာပူး၊ စပါးနဲ့ ချယ်ဆီးနေရာမှာ အာဆင်နယ်၊ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ချန်ပီယံလိဂ်ဝင်ခွင့် ရယူသွားနိုင်တာပါ။
” မန်စီးတီးကလွဲရင် ဘယ်အသင်းကမှ ဒီရာသီ ချန်ပီယံဖြစ်မယ်ဆိုတဲ့ ဦးတည်ချက်မျိုး မထားနိုင်ပါဘူး။ အသင်းတိုင်းက ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် ဦးတည် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ အစောကြီးတည်းက ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်ဖို့ လုပ်ရမယ့် ပြီးရင် အမှတ်ပေးဇယား ထိပ်ဆုံးကို တက်နိုင်ဖို့ ဆက်ကြိုးစားရမှာပါ။
ကိုယ်က ဒုတိယနေရာကနေ လိဂ်ဦးဆောင်တဲ့ အသင်းနဲ့ အနီးကပ်မှာ ရှိနိုင်ရင် အခွင့်အရေး ရပါမယ်။ အဲ့တာက ဘယ်အသင်းဖြစ်လာမလဲ မသိပါဘူး။ ” လို့ ယာဂင်ကလော့ပ်က ပြောဆိုထားပါတယ်။
ဒီနွေမှာ ရာသီကြို ပြင်ဆင်မှုတွေ အားကောင်းထားတဲ့ အာဆင်နယ်အသင်းက ကလော့ပ်ရဲ့ ပြောဆိုမှုကို သဘောတူ လားလို့ မေးခံရချိန် အာတီတာက
” ဒါကို ကျနော် လေးစားပါတယ်။ သူတို့တွေက ဒီနှစ်တွေထဲမှာ စဉ်ဆက်မပြတ် ဆုဖလား စိန်ခေါ်လာခဲ့တာပါ။ သူတို့ လုပ်ခဲ့တာတွေအတွက် အချင်းချင်းလည်း လေးစားမှု ရှိကြပါတယ်။ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ဆိုရင် အမှတ်တွေ အားလုံးနီးပါးကို ရဖို့ လိုပါတယ်။
ဒါဟာ ကုန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်း ဒီလိဂ်မှာ လုံးဝ မကြားဖူးတဲ့ ကိစ္စဖြစ်ပါတယ်။ အဲ့အဆင့်အတန်းကို ရောက်နေ တာပါ။ ရှင်းရှင်းလေးပါပဲ ကိုယ်က ချန်ပီယံဖြစ်လိုရင် အဲ့လောက်ထိ အမှတ်ရဖို့လိုပါတယ်။ ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။