မန်စီးတီးက မနေ့ညက ဘန်လေ အသင်းကို ပရီးမီးယားလိဂ် အဖွင့်ပွဲ အဖြစ် အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရာ ၃-၀ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။ ထိုပွဲ အတွင်း ဒုတိယပိုင်းမှာ ဂွာဒီယိုလာနဲ့ ဟာလန်းတို့ စကားပြောရမှု ဖြစ်ခဲ့ပါတယ်။
ပထမပိုင်း ၃ မိနစ်မှာတင် ဟာလန်းက အဖွင့်ဂိုး သွင်းယူခဲ့တာဖြစ်ကာ ဒုတိယဂိုးကိုတော့ ၃၆ မိနစ်မှာ ရယူခဲ့တာပါ။ ဒါပေမယ့်လို့ သူဟာ ဂိုးတွေ ထပ်သွင်းလိုခဲ့ပြီး ပထမပိုင်း မပြီးခင်လေးမှာ ဘာနာဒိုက သူ့ကို ဘောလုံး မပေးဘဲ ပွဲပြီး ခါနီးမို့ ပိုင်ဆိုင်မှု ထိန်းထားခြင်းကို ဟာလန်းက မကျေနပ်ခဲ့ပါဘူး။
ဂွာဒီယိုလာကတော့ ဘာနာဒိုရဲ့ လုပ်ရပ်ကို မှန်ကန်တယ်လို့ ထင်မြင်နေသလို ဟာလန်းအနေနဲ့ စိတ်ရှည်ရမယ်ဆိုတာကို အဝတ်လဲခန်းထဲ မဝင်ခင် သွားရောက် ပြောဆိုနေခဲ့တာကို ရုပ်သံက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
‘ ဟာလန်းက ဘောလုံးတွေ ရချင်ပေမယ့်လို့ ရနိုင်တဲ့ အခြေအနေမှာ မရှိခဲ့ပါဘူး။ တစ်ခါတလေ မှန်ကန်တဲ့ လှုပ်ရှားမှု အတွက် စိတ်ရှည်ဖို့ လိုပါတယ်။ သူလည်း စိတ်ပျက်မနေဘူး၊ ကျနော်လည်း စိတ်ပျက်မနေဘူး။ ဘောလုံးမှာ ဒါမျိုး ဖြစ်တတ်ပါတယ်၊ ဒရာမာတွေ မခင်းစမ်းပါနဲ့ ’ လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။
ဒီပွဲမှာ ကွင်းလယ်လူ ဒီဘရိုင်း ဒဏ်ရာရခဲ့ပြီး ပထမပိုင်းမှာတင် ကွင်းထဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။ မနှစ်ကရာသီ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာ ပြန်ဖြစ်တာလို့ သိရပါတယ်။
‘ ကံမကောင်းစွာဘဲ ဒီဘရိုင်း ထပ်ပြီး ဒဏ်ရာရသွားပါတယ်။ ချန်ပီယံလိဂ်မှာ ရခဲ့တဲ့ ဒဏ်ရာပဲ ပြန်ဖြစ်တာပါ။ အခုတော့ သူ့ကို ကာလတစ်ခုကြာ လက်လွတ်ရပါမယ်။ ကျနော်တို့ ဆရာဝန်နဲ့ စကားပြောရမှာပါ ’ လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။