ချယ်ဆီး အသင်းဟာ ကွင်းလယ်လူ ကိုင်စီဒို ခေါ်ယူမှု အပြီးမှာတင် ရပ်တန့်မသွားဘဲ လီဗာပူးရဲ့ နောက်ထပ် ပစ်မှတ် လာဗီယာ ကိုပါ ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီး မာဆေးဆိုဒ် ကလပ်ကို ထပ်မံ အသည်းခွဲဦးမှာ ဖြစ်ပါတယ်။
လီဗာပူး အသင်းဟာ ဒီရာသီ ယူရိုပါလိဂ် ပွဲ ကစားရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ အဆင့် ရပ်တည်မှုမှာ ချယ်ဆီးထက် သာခဲ့ပေမယ့် လန်ဒန်ကလပ်ရဲ့ အရှိန်အဟုန်ကောင်းကောင်း အနာဂတ် အစီအစဉ်တွေနဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘဲ ကစားသမားတွေကို ခေါ်ယူဖို့ မဆွဲဆောင်နိုင် ဖြစ်နေပါတယ်။
ချယ်ဆီး အသင်းရဲ့ ဈေးကွက် အတွင်း အလွန်အမင်း ငွေကြေး သုံးစွဲ ကစားသမား ခေါ်ယူမှုတွေ အတွက် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေထံ တိုင်ကြားသွားဖို့ လီဗာပူးဘက်က စီစဉ်နေကြောင်း ချယ်ဆီး သတင်းထောက် Felix Johnston က ဖော်ထုတ်လာပါတယ်။
” လီဗာပူး အသင်း ပိုင်ရှင်တွေက ပရီးမီးယားလိဂ် တာဝန်ရှိသူတွေနဲ့ စကားပြောဖို့ လန်ဒန် လာခဲ့တာပါ။ ချယ်ဆီးအသင်းရဲ့ ငွေကြေး သုံးစွဲမှုတွေကို သေချာ စောင့်ကြည့်ပြီး စိစစ်ဖို့ ရှင်းလင်းဖို့တွေ ပြောဆိုမှာပါ။
လီဗာပူး အသင်းက အပြောင်းအရွှေ့ ဈေးကွက် ၃ ခု အတွက် ချယ်ဆီး အသင်း ပေါင် သန်း ၈ဝဝ ကျော် သုံးတယ် ဆိုတာ ပရီးမီးယားလိဂ် စည်းမျဉ်းနဲ့ ညီတယ်လို့ လုံးဝ မယုံကြည်ပါဘူး။
လီဗာပူး အသင်းက ဆွေးနွေးမှုတွေ လုပ်ပြီး အခြေအနေ ကောင်းရင် ချယ်ဆီးကို ပရီးမီးယားလိဂ်ထံ တခါတည်း တိုင်ကြားဖို့ အချက်အလက်တွေလည်း ပြင်ဆင်လာတယ်လို့ သိရပါတယ်။ ” လို့ Johnston က ရေးသား ဖော်ပြထားပါတယ်။
လီဗာပူး အသင်းပိုင်ရှင်တွေဟာ ပြီးခဲ့တဲ့ ချယ်ဆီးနဲ့ သရေပွဲကို စတန်းဖို့ဘရစ်ချ် ကွင်းထဲ လာရောက် အားပေးခဲ့သေးပြီး ထိုပွဲပြီးနောက် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေနဲ့ စကားပြောဖို့ စီစဉ်ထားဖွယ် ရှိပါတယ်။