ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ ကိုင်ဆီဒိုအတွက် ဗြိတိန်စံချိန်တင်ကြေး ပေါင် ၁၁၅ သန်း သုံးထားတဲ့ ချယ်ဆီးဟာ ပဲလေစ့် ကစားသမား အိုလစ်ရဲ့ စာချုပ်ပါကြေးကိုလည်း အသက်သွင်းဖို့ လှုပ်ရှားလာခဲ့ပါတယ်။

ပဲလေစ့်ကလည်း ၎င်းတို့ တိုက်စစ်သမား အိုလစ်ကို လန်ဒန်ပြိုင်ဘက် ချယ်ဆီးဘက်က ခေါ်ယူရေး ကြိုးစားရာမှာ စည်းကျော်နေပြီလို့ ယူဆတာကြောင့် ပရီးမီးယားလိဂ်ထံ တိုင်ကြားဖို့ တန်ပြန် ပြင်ဆင်လာခဲ့ရာ ဒီတကြိမ်မှာတော့ အနောက်လန်ဒန်ကလပ်က နောက်ဆုတ်သွားရပြီ ဖြစ်ပါတယ်။

အိုလစ်ဟာ ဒီနေ့ပဲ ခရစ္စတယ်ပဲလေ့စ်နဲ့ ကာလရှည် သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးထံ မပြောင်းဖို့ကိုတောင် အိုလစ်ကို စည်းရုံးနိုင်ခဲ့ပေမယ့် ချယ်ဆီးတို့ရဲ့ ပုံမှန်မဟုတ်တဲ့ ကစားသမားထံ ချဉ်းကပ်မှုဟာ ပဲလေစ့်အသင်းကို ဒေါသထွက်စေခဲ့တာလို့ သိရပါတယ်။

ပဲလေစ့်ကတော့ ချယ်ဆီးဟာ အပြောင်းအရွှေ့ဆိုင်ရာ စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး ကျင့်ဝတ်သိက္ခာ မစောင့်ထိန်းခဲ့ဘူးလို့ ယုံကြည်နေကာ ပြိုင်ဘက်အသင်းရဲ့ တရားမဝင် ချဉ်းကပ်မှုအား ပရီးမီးယားလိဂ်ထံ တိုင်ကြားဖို့ ပြင်ဆင်ခဲ့တာပါ။

ချယ်ဆီးကတော့ သူတို့ရဲ့ စည်းရုံးမှု လမ်းစဉ်အပေါ် ယုံကြည်ချက်ရှိနေပြီး ကလပ်တွေကြား တရားဝင် ကမ်းလှမ်းမှု မလုပ်ခင်မှာ ကစားသမားအား အသင်းပြောင်းဖို့ ညိနှိုင်းခြင်းဟာ ပုံမှန် လုပ်ငန်းစဉ်လို့ ခံယူထားခဲ့တာ ဖြစ်ပါတယ်။