ချယ်ဆီးအသင်းဟာ ဒီတပတ်ထဲမှာ ပြည်တွင်းပြိုင်ဘက် လီဗာပူးအသင်းအား ကျော်ဖြတ်ပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဘရိုက်တန်ကနေ ကိုင်ဆီဒိုကို ရလိုက်တဲ့ အပြင် ဆောက်သမ်တန်က လာဗီယာကို ခေါ်နိုင်လိုက်ပေမယ့်လို့ အသင်းသားတွေရဲ့ ဒဏ်ရာ သတင်းဆိုးတွေ ရင်ဆိုင်နေရပါတယ်။
အသင်းခေါင်းဆောင် ရိစ်ဂျိမ်းဟာ တံကောက်ကြော ဒဏ်ရာကြောင့် အနားယူရမှာဖြစ်ပြီး သီတင်းပတ် အချို့လောက် မဟုတ်ဘဲ လနဲ့ချီ ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။ ဂျိမ်းဟာ မနှစ်ကလည်း တံကောက်ကြောကြောင့် ရာသီကုန်ခါနီး ၇ ပွဲလောက်ကို မကစားနိုင်ခဲ့ပါဘူး။
ဂျိမ်းဟာ ရာသီကြိုမှာ ပြန်ပါလာခဲ့ကာ လီဗာပူးကို ရင်ဆိုင်တဲ့ပွဲအတွက် ၇၄ မိနစ် ပါဝင်ကစားခဲ့ပါတယ်။ နည်းပြ ပိုချက်တီနိုကတော့ ရိစ်ဂျိမ်း ပင်ပန်းနေတာမို့ လူစားလဲခဲ့တာလို့ အကြောင်းပြပေမယ့် မမျှော်လင့်ထားတဲ့ ဒဏ်ရာက ပြန်ပေါ်လာခဲ့တာပါ။
ခံစစ်သမား ချာလိုဘတ်ကလည်း အသေးစား တံကောက်ကြော ဒဏ်ရာကြောင့် ဒီအပတ် ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ချယ်ဆီးဘက်က ချာလိုဘတ်ကို ရောင်းချဖို့ လမ်းဖွင့်ထားကာ နော်တင်ဟမ် ဖောရက်စ်က အသက် ၂၄ နှစ် အရွယ် ခံစစ်သမားကို စိတ်ဝင်စားမှု ပြသထားပါတယ်။
ဒီကနေ့မှာတော့ ဝက်စ်ဟမ်းပွဲကြို မီဒီယာ တွေ့ဆုံမှုကို ပိုချက်တီနို ပြုလုပ်မှာဖြစ်ပြီး ကစားသမားတွေအကြောင်း သတင်းသစ် ပေးလာဖွယ် ရှိပါတယ်။
ချယ်ဆီးဟာ ဒီအပတ်မှာပဲ ပဲလေစ့် တိုက်စစ်သမား အိုလစ်ကို ခေါ်ယူရေး အခြေအနေ ကောင်းနေရာကနေ နောက်ဆုတ်ခဲ့ရပါတယ်။ ပဲလေစ့် ဘက်က သူတို့ကစားသမားကို မမှန်ကန်တဲ့ အနေအထားဖြင့် ချဉ်းကပ်ကြောင်း ပရီးမီးယားလိဂ်ကို တိုင်ကြားဖို့ လုပ်ခဲ့တာကြောင့် ဒီခေါ်ယူမှုကို ဆက်မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒါ့အပြင် ကလပ်ရဲ့ ကြယ်ပွင့် လူဝစ်ဟောကိုလည်း Top 4 ပြိုင်ဘက် တစ်သင်းဖြစ်တဲ့ နယူးကာဆယ်ထံ လက်လွတ်ရဖို့ နီးစပ်နေတာကြောင့် ဒီအပတ်ဟာ ချယ်ဆီးအတွက် အကောင်းအဆိုး ရောနေတဲ့ သီတင်းပတ် ဖြစ်ပါတယ်။