ချယ်ဆီးအသင်းဟာ မနေ့ညက လူတန်တောင်းကို စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားခဲ့ရာ စတာလင်၊ ဂျက်ဆန်တို့ရဲ့ သွင်းဂိုးတွေဖြင့် ၃ ဂိုးပြတ် နိုင်ပြီး ဒီရာသီ နိုင်ပွဲ စတင် ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ပွဲ အပြီးမှာ ချယ်ဆီး နည်းပြ ပိုချက်တီနိုက ဈေးကွက် မပိတ်ခင် သူ့အသင်းက လူသစ်ရှာနေသေးကြောင်းနဲ့ တိုက်စစ်သမားသစ် ခေါ်ယူဦးမယ်လို့ အံ့အားသင့်ဖွယ် ထုတ်ပြောလာပါတယ်။
ချယ်ဆီးဟာ ဒီနွေမှာ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှုတွေ လုပ်ကာ လူသစ် ၁၀ ဦးကျော် ခေါ်ယူထားတာပါ။ ဒါပေမယ့် သွင်းဂိုးပိုင်း ရုန်းကန်နေရတာမို့ ဈေးကွက် မပိတ်ခင် တိုက်စစ်မှူးသစ် ရှာဖွေနေပါသေးတယ်။
ချယ်ဆီးနည်းပြက ‘ အရင်အပတ်က ကျနော်တို့ ပွဲရှုံးသွားတော့ အပြောင်းအရွှေ့ ပလန် မပြောင်းလဲသလို အခုလို နိုင်တော့လည်း မပြောင်းလဲပါဘူး။
ကျနော်တို့ ကြိုးစားခဲ့တယ်။ ဒီနေ့ အကောင်းမြင်စရာ ရလဒ် ရှိခဲ့တယ်။ ကျနော်တို့ စကားပြောနေဆဲပါ။ ဂိုးသမား တစ်ယောက်နဲ့ တိုက်စစ်သမားတစ်ယောက်တို့ ရလိုပါတယ်။ ကျနော်တို့ လိုအပ်တဲ့ ဒီနေရာတွေအတွက် ရှာဖွေနိုင်ဖို့ ကြိုးစားနေပါတယ်။
နိုင်သည်ဖြစ်ဖြစ် ရှုံးသည်ဖြစ်ဖြစ် အပြောင်းအရွှေ့ ပလန်တွေကို မပြောင်းပါဘူး။ အသင်းက ကောင်းမွန်စွာ ဟန်ချက်ညီနေကြောင်း ကျနော်တို့ ပြသဖို့ လိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် တိုက်စစ်သမား တစ်ယောက်လောက် လိုအပ်နေဆဲ ဖြစ်ပါတယ်။
ကျနော်တို့ လိုအပ်တဲ့ မှန်ကန်တဲ့ ကစားသမားမျိုး မဟုတ်ဘူးဆိုရင် ကျနော်တို့ ခေါ်ယူမှာ မဟုတ်ပါဘူး။ ကျနော်တို့နဲ့ ကိုက်ညီတဲ့၊ လိုအပ်တဲ့ ကစားသမားကို ရှာဖွေသွားမှာပါ။ တွေ့မှပဲ ခေါ်မှာပါ ’ လို့ ပြောပြခဲ့တယ်။
အဲဒါ ကစားသမားဆိုတာ ဘယ်လိုမျိုးလဲလို့ ထပ်မေးခံရချိန်မှာ ‘ မတူညီတဲ့ နေရာတွေမှာ ကစားနိုင်သူပေါ့။ တိုက်စစ်သမားအဖြစ်၊ တောင်ပံသမားအဖြစ် နောက်ချန် တိုက်စစ်မှူးအဖြစ် ကစားနိုင်သူပေါ့။ ကျနော်တို့ ကြည့်ရမှာပါ။ လာမယ့်ရက်အတွင်း ဆုံးဖြတ်ချက် ချသွားပါမယ် ’ လို့ ပိုချက်တီနိုက ပြောဆိုသွားတာ ဖြစ်ပါတယ်။