ဦးဆောင်ဂိုးနှစ်ဂိုး စောစောစီးစီးပေးလိုက်ရပေမဲ့ နိုင်ပွဲပြန်ရအောင်ကစားနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းသားတွေကို နည်းပြတန်ဟတ်ဂ်က ချီးကျူးလိုက်ပါတယ်။
မန်ယူအသင်းဟာ နော်တင်ဟမ်ဖောရက်စ်ကို ပွဲချိန် ၄ မိနစ်မှာပဲ ၂ ဂိုးဆက်တိုက်ပေးခဲ့ရပေမဲ့ ပထပိုင်းမှာ ချေပဂိုးတစ်ဂိုးသွင်းခဲ့ပြီး ဒုတိယပိုင်းမှာ ဒုတိယချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူပြီး ၃ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
၂ ဂိုးပေးရပြီး ထိတ်လန့် တုန်လူပ်စရာ စတင်ခဲ့ပေမဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လာနိုင်ခဲ့တဲ့ come back ပွဲအတွက် အသင်းကို နည်းပြတန်ဟက်က ချီးကျူးခဲ့ပါတယ်။
တန်ဟက်က “ ကျွန်တော်က ဖောရက်စ်ကို လေးစားပေမယ့် ကျွန်တော်တို့က ပြိုင်ဘက်တွေကို အဲ့ဒီလို အလွယ်တကူ ဂိုးတွေ သွင်းယူခွင့် မပေးသင့်ပါဘူး။ ပြိုင်ဘက်တွေက လွတ်လွတ်ကျွတ်ကျွတ်နဲ့ ဂိုးတွေ သွင်းသွားခဲ့တာပါ။ ဒါက ရူးချင်စရာ ကောင်းပါတယ်။
ဒါပေမယ့် တခါတလေ ဒီလိုမျိုးတွေ ဖြစ်တတ်ပါတယ်။ အကောင်းဆုံးအရာက ကျွန်တော်တို့တွေ တည်တည်ငြိမ်ငြိမ် ကစားနိုင်ခဲ့တာပါပဲ။ ကျွန်တော်တို့အသင်းက အမြဲတမ်း အရှုံးတွေကနေ ပြန်လာနိုင်တဲ့ အသင်းဆိုတာ ခင်ဗျားတို့တွေလည်း သိကြမှာပါ။
ရှုံးနေရာ ကနေ ပြန်နိုင်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် ကျွန်တော်တို့က အသင်းသားတွေကို ဂုဏ်ပြုပေးဖို့ လိုပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။