ဆော်ဒီ ပရိုလိဂ် မှ တာဝန်ရှိသူတွေဟာ သူတို့ ဈေးကွက် ပိတ်ရက် မတိုင်ခင် လီဗာပူး တိုက်စစ်မှူး ဆာလာကို ခေါ်ယူရေး ဆွေးနွေးဖို့ လန်ဒန်ကို ရောက်ရှိနေခဲ့ပြီလို့ သိရပါတယ်။
ဆော်ဒီကလပ် Al-Ittihad အသင်းဟာ အင်္ဂလန် အပြောင်းအရွှေ့ မပိတ်ခင် ဆာလာကို ပေါင် သန်း ၁၅၀ ဖြင့် ကမ်းလှမ်းပေမယ့် လီဗာပူးဘက်က ပယ်ချလိုက်တာပါ။
လာမယ့် ၄၈ နာရီအတွင်းမှာ ဆော်ဒီဘက်က ကမ္ဘာ့စံချိန်တင်ကြေး ပေါင် သန်း ၂၀၀ ကျော် ဖြင့် ထပ်မံ ကမ်းလှမ်းဖွယ် ရှိပါတယ်။
ဒီလအတွင်း ဆော်ဒီလိဂ်ထံ ရောက်ရှိသွားနိုင်တဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်က ဆာလာ တစ်ဦးတည်း မဟုတ်ဘဲ ယူနိုက်တက်မှာ နေရာရဖွယ် မရှိတော့တဲ့ ဆန်ချိုကို အရှေ့အလယ်ပိုင်းထံ ပြောင်းကစားဖို့ အကြံပေးမှု ထွက်ပေါ် လာနေတယ်။
ဒေါ့မွန်ကနေ ပေါင် ၇၃ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ဆန်ချိုဟာ ဒီရာသီ ပွဲထွက် လူစာရင်းက ပါဝင်ခွင့် မရသေးသူပါ။ ဆန်ချိုက လေ့ကျင့်ရေးမှာ လိုချင်တဲ့ အဆင့်အတန်းထံ မရောက်ဘူးလို့ တန်ဟက်ရဲ့ လူသိထင်ရှား ထုတ်ပြောမှုကို တိုက်စစ်သမားက လူမှုကွန်ယက်ကနေ ထုတ်ဖော် ငြင်းပယ်တဲ့နောက် အသင်းမှာ အက်ကြောင်းထင်ခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဘက်ကတော့ နည်းပြတန်ဟက်နဲ့ ဆန်ချိုရဲ့ အခြေအနေအတွက် နှုတ်ဆိတ်နေဆဲဖြစ်ပြီး ကစားသမားကို စည်းကမ်းပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးမှု ရှိလာနိုင်တယ်လို့လည်း သုံးသပ်ခံထားရပါတယ်။
သရဲနီဟောင်း ဖာဒီနန်ကတော့ ဆန်ချိုကို အရန်ခုံမှာ ဆက်ထိုင်နေတာထက် အပြောင်းအရွှေ့ ဈေးကွက် မပိတ်သေးတဲ့ ဆော်ဒီလိဂ်ထံ ပြောင်းဖို့ကို အကြံပေးသွားခဲ့တယ်။
ဆော်ဒီကလပ်တွေဟာ အင်္ဂလန်ရဲ့ အတောက်ပဆုံး ကြယ်ပွင့်ဖြစ်ခဲ့တဲ့ ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာမလား စောင့်ကြည့်ရပါလိမ့်မယ်။