သရဲနီ တိုက်စစ်မှုးဟောင်းကြီး အန်ဒီကိုးလ်ကတော့ လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ သက်တော်ရှည် တိုက်စစ်မှုး ဖြစ်နေတဲ့ မာရှယ်ရဲ့ သွင်းဂိုး မှတ်တမ်းကို မယုံနိုင်အောင် စိတ်ပျက်နေပါတယ်။

မာရှယ်က ၂၀၁၅ မှာ ယူနိုက်တက်ထံ စတင် ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၈ နှစ် ကြာသည့်တိုင် လက်ရှိ အချိန်ထိ ပြိုင်ပွဲစုံ သွင်းဂိုး ၈၈ ဂိုးသာ ရှိထားသူပါ။

” မာရှယ်က မန်ချက်စတာ ယူနိုက်တက်မှာ ၈ နှစ် ကြာခဲ့ပြီ။ ဒါပေမယ့် သူ သွင်းဂိုးတဲ့ ဂိုးက ၁ဝဝ တောင် မပြည့်သေးဘူး။ မယုံနိုင်စရာကြီးဗျာ။

သူက တကယ့် ဒိတ်ဒိတ်ကြဲ စာရင်းဝင်တဲ့ ကလပ် တစ်သင်းမှာ ကစားနေတဲ့ တိုက်စစ်မှုးပါ။ ဒါပေမယ့် သူ့ အကောင်းဆုံး မှတ်တမ်း ဆိုတာက တစ်ရာသီတည်း ၁၇ ဂိုး သွင်းတာတဲ့။

သူက သူ့တန်ဖိုးကို သက်သေပြဖို့ အခွင့်အရေးကောင်းတွေ လုံလောက်တာထက် ပိုပိုသာသာ ရခဲ့တာပါ။ ဒါပေမယ့် ကံမကောင်းစွာပဲ သူ လုပ်မပြနိုင်သေးပါဘူး။ ” လို့ အန်ဒီကိုးလ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

အန်ဒီကိုးလ်ကတော့ ယူနိုက်တက် မှာ ၈ နှစ်တာ ကစားပြီး ၁၂၁ ဂိုး သွင်းသွားတဲ့ သရဲနီ တိုက်စစ်မှုးဟောင်းကြီး ဖြစ်ပါတယ်။