မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ဧည့်သည် ဘရိုက်တန် အသင်းကို လုံးဝ မထိန်းနိုင်ခဲ့ဘဲ ၃-၁ နဲ့ အပြတ် ရှုံးနိမ့်ခဲ့ရပါတယ်။

ယူနိုက်တက်ဟာ ဂိုးတွေ ၃ ဂိုးလုံး အရင် ပေးခဲ့ရတာ ဖြစ်ကာ ပွဲချိန် ၇၃ မိနစ်ကျမှ မာ့ချ်ဘရီ ရဲ့ အဝေးကန်ချက်နဲ့ တစ်ဂိုးသာ ပြန် ချေပနိုင်ခဲ့တာပါ။ အသင်းတွင်း ပြသနာတွေ အပြင် ရလဒ်တွေကျဆင်းနေတာကြောင့် ယူနိုက်တက်ဟာ ဝေဖန်မှုတွေ များစွာ ခံနေရပြီး နည်းပြ တန်ဟက်ပါ အထုတ်ခံရဖို့ ရေပန်းစားနေပြီ ဖြစ်ပါတယ်။

ငွေ အများကြီး သုံး၊ လူတွေ ဝယ်ထားတဲ့ ယူနိုက်တက်က ငွေနည်းနည်းပဲ သုံးတဲ့ ဘရိုက်တန်ကို အရေးနိမ့်သလား မေးခွန်းထုတ်ခံရချိန်မှာ နယ်သာလန်သား နည်းပြကြီးကတော့ သူ့ မကျေနပ်မှုကို ခပ်ပါးပါးထည့်ကာ အခုလို တုန့်ပြန် ပြောဆိုလာပါတယ်။

” အသင်းတွေ အကုန်လုံးက ငွေတွေ အများကြီး သုံးကြတယ်။ ဘရိုက်တန်လည်း ငွေသုံးတာပဲ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ဝယ်ပြီဆို ဈေးတွေက ပိုတင်ကြတော့တာ၊ ဒါက အမှန်တရားပဲ။

အခုက ကပ်ဆိုက်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ ရောက်နေတဲ့ နေရာကို ဒါမျိုး စကားသုံးမယ်ဆို မတရားဘူးလေ။ ဒီနေ့ ကျနော်တို့ ခြေစွမ်းပြနိုင်တဲ့ နေ့ မဟုတ်တာပါ။ ” လို့ တန်ဟက်က ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီအဖွင့် ၅ ပွဲ ကစားထားရာမှာ ၂ ပွဲနိုင် ၃ ပွဲရှုံးရလဒ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေပါတယ်။