ဒီညမှာ ဂျာမနီမြေမှာ ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ချန်ပီယံလိဂ် အုပ်စုတွင်း ပွဲစဉ်အဖြစ် စတင် ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

မနှစ်တုန်းက ခြေစွမ်းကောင်းတွေကြောင့် ယူနိုက်တက်တို့ ဒီရာသီ ချန်ပီယံလိဂ်မှာ ပါဝင်ကစားခွင့်ရခဲ့တာပါ။ ဒါပေမယ့် ခက်ခဲတဲ့ စတင်မှုတွေ ရှိလာနေချိန် ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမှာက လွယ်ကူဖွယ် မရှိပါဘူး။

နှစ်သင်းလုံးမှာ ကစားခဲ့တဲ့ ကွင်းလယ်ဟောင်းကြီး အိုဝင် ဟားဂရေ့ဗ်ကတော့ ဘိုင်ယန်မြူးနစ်ပဲ နိုင်ဖို့ ရေပန်းစားမှာ ဖြစ်ပေမယ့် ယူနိုက်တက်ကို လျှော့မတွက်ဖို့ သတိပေးလိုက်ပါတယ်။

ဟားဂရေ့ဗ်က ” အိမ်ကွင်းမှာ ဘိုင်ယန်ပဲ နိုင်မယ်လို့ ရေပန်းစားနေမှာ သေချာပါတယ်။ အထူးသဖြင့် သူတို့မှာ ဟယ်ရီကိန်း ရှိနေပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကလည်း ခြိမ်းခြောက်မှုတွေ လုပ်နိုင်ပါသေးတယ်။

ယူနိုက်တက်က တိုက်စစ်မှာ ရက်ဖိုဒ့်လို ကောင်တာတိုက်စစ် ကောင်းတဲ့ ကစားသမား ရှိထားတယ်။ ဘရူနိုကလည်း ကောင်းတယ်၊ ဒီတော့ ယူနိုက်တက်မှာလည်း အခွင့်အရေးတွေ အများကြီး ရှိပါတယ်။

ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ ပုံမှန် ခြေစွမ်းပဲ ရှိနေရင်တောင် ဒီအိမ်ကွင်းပွဲကို အနိုင်ရသွားမယ်လို့ ထင်ပါတယ် ” လို့ သုံးသပ် ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ၁၁ ကြိမ် ထိပ်တိုက်တွေ့ထားရာမှာ ၂ ကြိမ်နိုင်ပြီး ၄ ကြိမ် အရေးနိမ့်ထားတာပါ။ ၁၉၉၉ ခုနှစ် ဖိုင်နယ်မှာတော့ ယူနိုက်တက်ဟာ ဘိုင်ယန်ကို အနိုင်ယူပြီး ဖလား ၃ လုံးချန်ပီယံ ဖြစ်ခဲ့ဖူးတာ ဖြစ်ပါတယ်။