ပရီးမီးယားလိဂ် ဘောလုံးရာသီသစ် စတင်လာတာ ၅ ပွဲပဲ ရှိသေးပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလောင်း စာရင်းကနေ ခပ်စောစောပဲ ဖယ်ထုတ်ခံလိုက်ရပါတယ်။
ဂွာဒီယိုလာရဲ့ အသင်းဟာ ရာသီစမှာတင် ရာနှုန်းပြည့် နိုင်ပွဲ ရယူနေကာ ပြိုင်ဘက်တွေကို ဦးဆောင်နေတာပါ။ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာလည်း နိုင်ပွဲရသွားတဲ့ စီးတီးဟာ ဒီအပတ် အိမ်ကွင်းမှာ ဖောရက်စ်ကို ထပ်မံ အနိုင်ရမယ်လို့ ရေပန်းစားနေဆဲဖြစ်ပါတယ်။
ပေါမာဆန်က ‘ ဒီရာသီ မန်စီးတီးကို စိန်ခေါ်နိုင်မှာ လီဗာပူးနဲ့ အာဆင်နယ်တို့ပဲ ရှိပါတယ်။ ဝုဗ်ကို ရင်ဆိုင်ရာမှာ လီဗာပူးက ပထမပိုင်းခြေစွမ်း တော်တော်ညံ့ပေမယ့် ဒုတိယပိုင်းမှာ သူတို့ ခြေစွမ်း ပြန်ကောင်းလာပြီး ပြိုင်ဘက်ကို ဖယ်ရှားခဲ့တယ်။
ပြဿနာတစ်ခုက အသင်းကြီးတွေကို ရင်ဆိုင်ရာမှာ အဲ့လို လုပ်နေလို့ မရပါဘူး။ အမ်းမရိတ်နဲ့ အီသီဟဒ်မှာ အဲ့လို ကစားခဲ့ရင် ပထမပိုင်းမှာတင် ပွဲပြီးသွားလိမ့်မယ်။ မန်စီးတီးကို စိန်ခေါ်ဖို့က တတ်နိုင်သလောက် သူတို့အနီးမှာပဲ ရှိနေရမယ်၊ ပွဲတိုင်းမှာ အနိုင် ၃ မှတ်ရနေမှ ဖြစ်မှာပါ။
ဥပမာပေးရရင် မန်ယူနိုက်တက်က အခုတင်ကို ၉ မှတ် ပြတ်နေပြီ။ သူတို့ ပြီးသွားပြီ၊ သူတို့ ပရီးမီးယားလိဂ်ဖလား မရတော့ဘူး။ ဒါက မန်စီးတီးကြောင့်ပဲ။ ရာသီကုန် ဘာဖြစ်မယ် ဘယ်သူသိနိုင်မှာလဲ ဆိုပေမယ့် စီးတီးက ၄-၅ ပွဲ ရှုံးမှာ မဟုတ်ပါဘူး။
အမှတ်ပေးဖလား ပြိုင်ဆိုင်မှုက ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ စတင်မှာပါ။ ဘယ်အသင်းက အကောင်းဆုံး ပြေးလမ်းရှိနေမလဲ ဆိုတာပါပဲ။ စီးတီးကို စိန်ခေါ်ဖို့ဆိုရင် ပြတ်ကျန်နေလို့ မရပါဘူး ’ လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။