နည်းပြ ယာဂင်ကလော့ပ်က လီဗာပူးအသင်းမှာ သူမရယူနိုင်သေးတဲ့ တစ်ခုတည်းသော ဆုဖလားဖြစ်တဲ့ ယူရိုပါလိဂ် ဖလားကို အောင်မြင်ဖို့အတွက် အားထုတ်လိုနေပါတယ်။

ယာဂင်ကလော့ပ်ဟာ သူ့ရဲ့ လီဗာပူးနည်းပြဘဝမှာ ယူရိုပါလိဂ် ဖိုင်နယ်နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်တွေကို ၄ ကြိမ်တိုင် တက်ရောက်ထားနိုင်တာပါ။ ဒါ့အပြင် ယူရိုပါလိဂ် ဖလားကပဲ လီဗာပူးနည်းပြဘဝ သူ ရယူဖို့ ကျန်နေတဲ့ တစ်ခုတည်းသော ဆုဖလား ဖြစ်ပါတယ်။

‘ ကျနော်တို့ ယှဉ်ပြိုင်ဖို့ရာ ဒီကို ရောက်နေတာပါ။ ဒီပြိုင်ပွဲမှာ ကျနော်တို့ အသင်း အနိုင်ရဖို့ ရေပန်းစားတယ်ဆိုတာ သိပေမယ့် ဒီကို ဘောလုံးကစားဖို့ ရောက်လာတာပါ။ ကျနော်တို့ အလေးအနက် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဘဝင်မြင့်နေတာ မဟုတ်ဘဲ နိုင်ပွဲအတွက် အားထုတ်ချင်ပါတယ် ’ လို့ ကလော့ပ်က ပြောပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်ကလည်း ယူရိုပါလိဂ်မှာ အကောင်းဆုံး ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်နေကြောင်း ဖွင့်ဟလာခဲ့တယ်။ လီဗာပူးရဲ့ ပြီးခဲ့တဲ့ ၂ ပွဲကို ပွဲပယ်ကြောင့် မပါနိုင်ခဲ့တဲ့ ဗန်ဒိုက်ဟာ ဒီပွဲမှာတော့ ပွဲထွက်ခွင့်ရမှာ ဖြစ်ပါတယ်။

‘ ကျနော်တို့ အားလုံး ချန်ပီယံလိဂ် ကစားလိုပေမယ့် အဲ့မှာ ပါဝင်ရဖို့ မထိုက်တန်ခဲ့ပါဘူး။ ကျနော်တို့ဟာ ကိုယ်နဲ့ ထိုက်တန်တဲ့ ယူရိုပါလိဂ်မှာပဲ ပါဝင်ခွင့် ရထားခဲ့ပါတယ်၊ ဒီပြိုင်ပွဲကို အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားမှာ ဖြစ်ပါတယ်။ ဒါကို အလုပ်နဲ့ သက်သေပြရမှာပါ။

နေ့တိုင်းမှာ ကျနော်တို့ ကြိုးစားပါတယ်၊ ကစားသမားသစ်တွေ၊ လူငယ်သွေးသစ်တွေ အသင်းကို ရောက်ရှိလာနေတယ်။ အားလုံးက အသားကျလာနေပါတယ်။ တစ်ပွဲချင်း ကျနော်တို့ ယှဉ်ပြိုင်ပါမယ် ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။