ပိုချက်တီနိုရဲ့ ချယ်ဆီးအသင်းဟာ ဒီ စက်တင်ဘာလထဲမှာ သွင်းဂိုး တစ်ဂိုးမှတောင် မရှိသေးလို့ အသင်းရဲ့ တစ်လတာ အကောင်းဆုံး ဂိုး ဆု ကို ပေးစရာတောင် မရှိတဲ့အထိ အဖြစ် ဆိုးနေပါတယ်။

ချယ်ဆီးအသင်းဟာ ပုံမှန် စွမ်းဆောင်ရည်အောက် ကျဆင်းနေသလို ရှုံးပွဲတွေ ဆက်နေခဲ့ကာ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာပဲ ရှိနေတာ ဖြစ်ပါတယ်။ အဆိုးဆုံးတွေထဲက တစ်ခုကတော့ တိုက်စစ်ပိုင်း ဂိုးမိုးခေါင်နေခြင်းပဲ ဖြစ်ပါတယ်။

ဒီလထဲ ဖောရက်စ်၊ ဘုန်းမောက်နဲ့ အက်စတွန်ဗီလာတို့နဲ့ ယှဉ်ပြိုင်ရာမှာ ချယ်ဆီးအသင်းဟာ နိုင်ပွဲကော၊ သွင်းဂိုးပါ မရသေးပါဘူး။ ဒါကြောင့် စက်တင်ဘာလ အကောင်းဆုံး သွင်းဂိုးကို ယူ-၂၃ အသင်းရဲ့ သွင်းဂိုးတွေကနေပဲ ရွေးချယ်ရဖွယ် ရှိပါတယ်။

နိုင်ပွဲတွေ သွင်းဂိုးတွေ မြင်ရခြင်း မရှိချိန်မှာ ချယ်ဆီးပရိသတ်တွေကို ပိုမို ဒေါသထွက်စေခဲ့တာက မနေ့က အက်စတွန်ဗီလာပွဲမှာ ပွဲကို ဦးဆောင်ခွင့်ရစေမယ့် အပိုင် အခွင့်အရေးကို စတာလင်က အံ့အားသင့်ဖွယ် လွဲချော်ခဲ့ခြင်း ဖြစ်ပါတယ်။

စတာလင်နဲ့ ဂျက်ဆန်တို့ ဗီလာ ခံစစ်လိုင်းကို ဖောက်ထွက်လာခဲ့ရာမှာ စတာလင် အနေနဲ့ ဘေးကို ထိုးပေးလည်း ရတဲ့ အခွင့်အရေးကို ကိုယ်တိုင် အဆုံးသတ်ခဲ့ပြီး ဂိုးသမား ကာကွယ်ခံလိုက်ရတာပါ။

တစ်ပတ် ပေါင် ၃ သိန်းရနေတဲ့ တိုက်စစ်သမားဟာ ကွင်းထဲမှာ လူပျက် တစ်ဦးလိုပဲလို့ ချယ်ဆီး ပရိသတ်တွေ ပေါက်ကွဲခဲ့ကြပါတယ်။ များစွာသော ချယ်ဆီး ပရိသတ်တွေကတော့ နိုဝင်ဘာလမှာ ပွဲကြပ်တွေ ရှိတာမို့ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကြောင်း သတင်း မကြာခင် ကြားရတော့မယ်လို့ မှတ်ချက်ပေးနေကြပြီ ဖြစ်ပါတယ်။