ဒီနေ့ စနေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းအဖြစ် အဆင့် ၂ နေရာက လီဗာပူးနဲ့ အဆင့် ၄ နေရာက စပါးတို့ လန်ဒန်ကွင်းကြီးမှာ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

နှစ်သင်းလုံးဟာ ဒီရာသီမှာ လူစာရင်း အပြောင်းအလဲတွေ လုပ်ထားကြပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတာပါ။ ပိုစတီကိုဂလူး လက်အောက် စပါးအသင်းက တိုက်စစ်အသားပေး ကစားနေပြီး ယာဂင်ကလော့ပ်ရဲ့ Liverpool 2.0 ကလည်း တိုက်စစ်ပိုင်း ခြေစွာနေတာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ရာသီစ ၇ ပွဲမှာတင် မန်ယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူးတို့ဖြင့် ထိပ်တိုက်တွေ့ခြင်းဖြစ်ကာ ဒီပွဲမှာပါ ရလဒ်ကောင်းမယ်ဆိုရင် ပရီးမီးယားလိဂ် အဆင့် ၄ နေရာထက် ပိုပြီး မြင့်မြင့်မှန်းနိုင်မှာပါ။

လီဗာပူးအသင်းကတော့ ယခင်ရာသီတွေမှာ မန်စီးတီးနဲ့ ထိပ်တိုက် ပြိုင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ဖလားကို တစ်ကျော့ပြန် စိန်ခေါ်နိုင်မလား ဒီပွဲမှာ သက်သေထူရမှာ ဖြစ်ပါတယ်။

The Overlap အစီအစဉ်ကနေ ဒီရာသီ ခြေစွာနေကြတဲ့ စပါး vs လီဗာပူးပွဲ ဘယ်လိုရလဒ် ထွက်မလဲ မေးမြန်းခဲ့စဉ်မှာ သရဲနီဟောင်းကြီး ဂယ်ရီနဗီးက “ကျနော်ကတော့ ၁-၁ ဖြစ်သွားမယ် ထင်မိတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းလုံးဟာ တိုက်စစ်က ဂိုးသွင်းနိုင်ကြပေမယ့် ခံစစ်က ဂိုးတွေ ပြန်ပေးနေရပါတယ်။ အယ်လီဆန်၊ ဗန်ဒိုက် ဦးဆောင်တဲ့ လီဗာပူးခံစစ်က အနည်းငယ် ပိုပြီး ကျစ်လစ်ပေမယ့် စပါးကလည်း အိမ်ကွင်းဆိုတဲ့ တစ်ပန်းသာမှု ရှိနေတာ ဖြစ်ပါတယ်။