အာတီတာရဲ့ အာဆင်နယ် အသင်းဟာ မနေ့ညက စပိန်မြေမှာ ဆီဗီလာ အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ သွားရောက် ယှဉ်ပြိုင် ကစားရာ ၂-၁ နဲ့ အဝေးကွင်း နိုင်ပွဲကောင်း ရရှိခဲ့ပါတယ်။

အာဆင်နယ် အတွက် ဂိုးတွေကို ဂျေးဆုနဲ့ မာတင်နယ်လီ တို့က သွင်းယူခဲ့တာပါ။ အာဆင်နယ် ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး အွန်နရီ ကတော့ အာဆင်နယ် နိုင်ခဲ့ပေမယ့် ကံကောင်းလို့ နိုင်တာ လို့ ဆိုလိုက်ပြီး အသင်း ကစားပုံကို အားမရဘဲ အားမနာတမ်း ထောက်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ ဂိုးသမား ဒေးဗစ် ယာယာ ရဲ့ ကာကွယ်မှုကို ထောက်ပြခြင်းနဲ့အတူ ဖြတ်တင်ဘောတွေကို တားဆီးဖို့ မကြိုးစားခဲ့တဲ့ အပေါ် အွန်နရီက အပြစ်တင်ခဲ့ပါတယ်။

အွန်နရီက ” ယူနိုက်တက်ပွဲနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဆီဗီလာကို အဝေးကွင်း သွားကစားရတာက ကိုပင်ဟေဂင်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရတာထက်တော့ ပိုခက်ခဲတာပေါ့။ ဆီဗီလာလို အသင်းကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ အာဆင်နယ် ကို အသိအမှတ် ပြုရပါမယ်။

ပွဲပြီးခါနီးမှာတော့ ကျနော်တို့ အသင်းက ဆီဗီလာ ကစားသမားတွေကို ကိုယ့်ရဲ့ ဧရိယာဘောက်ထဲ မကြာခဏ လာဝင် ကစားခွင့်ပေးခဲ့တယ်၊ ဖြတ်တင်ဘောတွေကို လုပ်ခွင့် ပေးခဲ့မိတယ်လို့ ထင်ပါတယ်။

နောက်ဆုံး မိနစ်တွေမှာ ၆-၃-၁ အကွက်ကြီး လုပ်လိုက်တာကြောင့်ပဲ သူတို့က ဖြတ်တင်ဘောတွေ လုပ်ခွင့် ရသွားတာပါ။ သူတို့ရဲ့ ဖြတ်တင်ဘောကို တားဖို့ ဘယ်သူမှလည်း အားမထုတ်ကြဘူးလေ။

ယာယာလည်း ကံကောင်းခဲ့တယ်။ သူ ဘောလုံး ရှင်းထုတ်လိုက်တာ ဂိုးဘား ကျော်သွားတာကို အားလုံး မြင်ကြပါတယ်။ ချန်ပီယံလိဂ် အဝေးကွင်းပွဲမှာ ရလဒ် ကောင်းခဲ့တာ သိပ်ကောင်းပါတယ်။ အထူးသဖြင့် ဆီဗီလာလို့ အသင်းကို ရင်ဆိုင်ရစဉ်မှာပေါ့ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ဆုံးမိနစ်တွေမှာ ယာယာဟာ ခံစစ်လိုင်းက ကစားသမားတွေအား ဖြတ်တင်ဘောတွေမှာ တည်ငြိမ်ဖို့ ဒေါသတကြီးနဲ့ အော်ဟစ်နေခဲ့တာ တွေ့ရပါတယ်။